ဗြိတိန်၌ တစ်ရက်အတွင်း COVID-19 ဖြင့် သေဆုံးသူ စံချိန်တင် မြင့်တက်

ဗြိတိန်၌ တစ်ရက်အတွင်း COVID-19 ဖြင့် သေဆုံးသူ စံချိန်တင် မြင့်တက်

ဗြိတိန်၌ အောက်တိုဘာ ၂၀ ရက်တွင် COVID-19 ဖြင့် သေဆုံးသူ ၂၁၄ ဦးရှိခဲ့ရာ ယင်းသည် ဇွန်လမှစ၍ တစ်ရက်အတွင်း သေဆုံးသူစံချိန်တင်ရှိခဲ့ခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သည့် စာရင်းအင်းများအရ သိရ သည်။

ဗြိတိန်၌ COVID-19 ဖြင့် သေဆုံးသူ ၄၃၉၆၇ ဦး ရှိနေပြီဖြစ်သည်။

အောက်တိုဘာ ၂၀ ရက်တွင် ဗြိတိန်၌ COVID-19 ကူးစက်သူသစ် ၂၁၃၃၁ ဦးရှိခဲ့ခြင်းကြောင့် စုစုပေါင်း ကူးစက်သူ ၇၆၂၅၄၂ ဦးရှိနေပြီဖြစ်ကြောင်း စာရင်းအင်းများအရ သိရသည်။

‘’သေဆုံးမှုနှုန်းက သိသိသာသာကို မြင့်တက်နေတယ်။ ဝမ်းနည်းစရာ ကောင်းတာက အခြေခံကျန်းမာရေး မကောင်းမွန်သူတွေနဲ့ သက်ကြီးရွယ်အို တွေဟာ ရောဂါဖြစ်လာပြီဆိုရင် ပိုပြီးခံစားရမယ်ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။ အဲဒီလိုမျိုး အခြေအနေဆိုးတွေနဲ့ ကြုံရနိုင်သူတွေ အတွက် ဗိုင်းရပ်စ်ကူးစက်မှုကို ရပ်တန့်သွားစေနိုင်ဖို့ တားမြစ်ပိတ်ပင်ချက်တွေ အားလုံးကို လိုက်နာဆောင်ရွက်ဖို့ရာ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်’’ ဟု အင်္ဂလန်ပြည်သူ့ကျန်းမာရေး ဆေးဘက် ဆိုင်ရာညွှန်ကြားရေးမှူး ယွန်းဒွိုင်က ပြောဆိုခဲ့သည်။

COVID-19 ရောဂါနှင့် ဆက်စပ်သေဆုံးမှုများသည့် အင်္ဂလန်နှင့် ဝေလတို့တွင် ဇူလိုင်လ အစောပိုင်းမှစတင်ကာ အမြင့်ဆုံးအနေအထားအထိ မြင့်တက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုံမှန်လူနေမှုဘဝကို ပြန်လည်ရရှိနိုင်ရန်အတွက် ဗြိတိန်၊ တရုတ်၊ ရုရှားနှင့် အမေရိကန်တို့သည် COVID-19 ကာကွယ်ဆေးရရှိရန်အတွက် အချိန်မဆိုင်းဘဲ အပြိုင်အဆိုင် ကြိုးပမ်းလုပ်ဆောင်နေကြသည်။