ကြက်ပေါင်းခေါက်ဆွဲ

ကြက်ပေါင်းခေါက်ဆွဲ

ဒီရက်ပိုင်းမှာ မိုးလေးက တစ်စိမ့်စိမ့်ဆိုတော့ အိုးသူကြီးလည်းစွပ်ပြုတ်ပူပူလေးတွေကို အာသီသရှိနေတာနဲ့ ကြက်ပေါင်းခေါက်ဆွဲလေးကအကောင်အထည်ဖော်ဖြစ်ပါတယ်။

ကြက်ပေါင်းခေါက်ဆွဲလေးပြင်ဆင်ဖို့အတွက် ကြက်ပေါင်လုံး၊နာနတ်ပွင့်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ မှိုခြောက်၊ ပန်းခြောက်၊တရုတ်ဇီးသီး၊ ဂေါ်ဖီထုပ် စတာတွေ ပြင်ဆင်ထားပါမယ်။ပြင်ဆင်ရတာတွေတော့ များပေမယ့် ချက်ရတာလွယ်ကူမြန်ဆန်ပါတယ်။

ကြက်ပေါင်တွေကို ရေဆေးပြီး အိုးထဲမှာ ဂျင်းနဲ့ပြုတ်ထားပါမယ်။ခဏကြာရင် အပေါ်ကို တက်လာတဲ့ အဖတ်တွေ၊ အဆီတွေကိုဖယ်ထုတ်ပါမယ်။ ပိုပြီးအရည်ကြည်ကြည်ရချင်ရင်တော့ကြက်ပေါင်လုံးတွေကို ဖယ်ပြီး ရေစစ်နဲ့ အရည်တွေကို စစ်ရပါမယ်။

ကြက်ပြုတ်ရည်ကြည် ရလာတဲ့အခါ ကြက်သွန်ဖြူထောင်းပြီးသား၊နာနတ်ပွင့်၊ တရုတ်ဇီးသီးတွေ ထည့်ပါမယ်။ ပြီးရင် ကျက်ဖို့လိုတဲ့မှိုခြောက်၊ ပန်းခြောက်တွေ အရင်ထည့်ပါမယ်။အရသာနဲ့ အရောင်အတွက် ပဲငံပြာရည် အကြည်ရည်ထည့်ပြီး ဆား၊ခရုဆီတို့လည်း ချက်တဲ့ဟင်းရည် အနည်းအများအလိုက် သင့်တော်သလိုထည့်ပါမယ်။ ဆားကိုတော့ မြည်းပြီးမှ လိုသလောက်ထပ်ထည့်ပါမယ်။

ဟင်းရည်နံ့မွှေးလာရင်တော့ ကျန်တဲ့ ဂေါ်ဖီထုပ်၊ ကြက်သွန်မြိတ်တွေထည့်ပါမယ်။ အားလုံးလည်း ကျက်လာပြီး ဟင်းရည်ပွက်လာပြီဆိုရင်တော့မီးပိတ်လို့ရပါပြီ။မုန့်ဖတ်အတွက်ပြင်ဆင်ဖို့ ရေနွေးအိုးတည်ထားပါမယ်။ရေနွေးဆူလာတဲ့အခါ ခေါက်ဆွဲခြောက်တွေထည့်ပြုပြီး အပျော့အမာအခြေအနေကို စောင့်ကြည့်ရပါမယ်။ခေါက်ဆွဲတွေ နူးလာပြီဆိုရင်တော့ ရေအေးဇလုံထဲပြောင်းထည့်ပါတယ်။

ပြီးရင်ဇကာထဲလောင်းချပြီး ရေပိုက်အောက်မှာ ရေအေးနဲ့ထပ်ဆေးပါတယ်။ ဒါဆို ခေါက်ဆွဲတွေလုံးခဲ ကပ်မနေတော့ပါဘူး။အားလုံးပြီးသွားရင်တော့ ကိုယ်စားမယ့် ပန်းကန်လုံးထဲခေါက်ဆွဲ၊ ဟင်းရည်မျှတအောင်ထည့်ပြီး ချဉ်ငံလိုသလို ထည့်လို့ကိုယ်ခံအားကောင်းစေမယ့်ကြက်ပေါင်း ခေါက်ဆွဲပူပူလေးတစ်ခွက်ပြင်ဆင်စားသောက်နိုင်ပါပြီ။ အားလုံး ကိုယ်ခံအားကောင်းဂရုစိုက်ပြီး ကျန်းမာကြစေဖို့လည်း အိုးသူကြီးကဆန္ဒပြုလိုက်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး