ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်၌ နေ့စဉ်ဖြစ်ပွားနေသည့် ဆန္ဒပြမှုများ ရပ်ဆိုင်းသွားရေးအတွက် ရည်ရွယ်ပြီး ချမှတ်ထားသည့် လူငါးဦးထက်ပိုမိုပြီးစုဝေးခြင်းမပြုရဟု ပိတ်ပင်ချက်ပါဝင်သော အရေးပေါ်အခြေအနေကို ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အောက်တိုဘာ ၂၂ ရက်တွင် ရုပ်သိမ်းခဲ့သည်။
အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေအနေကို အောက်တိုဘာ ၂၂ ရက် မွန်းတည့် ၁၂ နာရီမှစ၍ ရုပ်သိမ်းကြောင်း ဝန်ကြီးချုပ်က ကြေညာခဲ့သည်ဟု တော်ဝင်ပြန်တမ်းတွင် ဖော်ပြထားသည်။
အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ရသည်အထိ ဆိုးရွားခဲ့သည့် အခြေအနေများ ပြန်လည်တည်ငြိမ်လာပြီဖြစ်သောကြောင့် အစိုးရအရာရှိများနှင့် ဥပဒေစိုးမိုးရေးဌာနများသည် တည်ဆဲဥပဒေများကိုသာ ဆက်လက်ကျင့်သုံးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိဖုရားသုသီတာလိုက်ပါလာသည့် ယာဉ်တန်းကို ဆန္ဒပြသူများက လှောင်ပြောင်သရော်ခဲ့ပြီးနောက် အရေးပေါ်အခြေအနေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အရေးပေါ်အခြေအနေကို သုံးရက်အတွင်း ရုပ်သိမ်းပေးရန် တောင်းဆိုထားသည့် ဆန္ဒပြသူများက အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ရုံဖြင့် မလုံလောက်သေးကြောင်း ပြောဆိုခဲ့သည်။
ဝန်ကြီးချုပ် ပရာယွတ်သည် အများပြည်သူ၏တောင်းဆိုမှုကို လျစ်လျူရှုပြီး အာဏာဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်ကာ အရေးပေါ်အခြေအနေကို ကနဦးကတည်းက မထုတ်ပြန်ခဲ့သင့်ကြောင်း ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် သီရာဝ် ဂျာနယူး သီရိတီဝတ်ကပြောဆိုခဲ့သည်။
နာမည်ကျော် ဆန္ဒပြခေါင်းဆောင်တချို့အပါအဝင် ဆန္ဒပြသူများစွာ အဖမ်းခံခဲ့ရပြီးဖြစ်သည်။
၂၀၁၄ ခုနှစ် အာဏာသိမ်းခေါင်းဆောင်ဖြစ်သည့် ပရာယွတ်သည် အာဏာဆက်လက်ချုပ်ကိုင်နိုင်ရေးအတွက် ယမန်နှစ်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် မသမာမှုများကို ပြုလုပ်ခဲ့ကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။
ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတခဲ့ကြောင်း ပရာယွတ်က ဖြေရှင်းပြောဆိုခဲ့သည်။
ဘုရင်စနစ်သည် စစ်တပ်နှင့်ပူးပေါင်းကာ စစ်တပ်မှ ရွေးချယ်ထားသူများ အာဏာဆက်လက်ချုပ်ကိုင်နိုင်ရေးကို နောက်ကွယ်က ကူညီခဲ့ကြောင်း ဆန္ဒပြသူများက စွပ်စွဲပြောဆိုခဲ့သည်။

















