သီရိလင်္ကာ၌ COVID-19 အစုအပြုံလိုက်ကူးစက်မှုရှိနေသည့် အဓိကငါးစျေးကို ပိတ်သိမ်း

သီရိလင်္ကာ၌ COVID-19 အစုအပြုံလိုက်ကူးစက်မှုရှိနေသည့် အဓိကငါးစျေးကို ပိတ်သိမ်း

သီရိလင်္ကာနိုင်ငံမြို့တော် ကိုလံဘိုရှိ COVID-19 အစုလိုက်အပြံုလိုက်ဖြစ်ပွားမှုရှိနေသည့် အဓိကငါးစျေးကို ပိတ်သိမ်းလိုက်ပြီး ညမထွက်ရန်အမိန့်သက်ရောက်သည့် မြို့နယ်စာရင်းကိုလည်း တိုးချဲ့ခဲ့သည်။ 

ယခုလအစောပိုင်းတွင် ကူးစက်သူသစ်အစုလိုက်အပြံုလိုက်ရှိခဲ့သည့် အနောက်ပိုင်းခရိုင်ရှိ ကျေးရွာခြောက်ရွာကို လူဝင်လူထွက်ပိတ်ပင်ခဲ့ပြီးနောက် အစိုးရသည် မြို့တော် ကိုလံဘိုရှိ နေရာတချို့နှင့် မြို့တော်ဝန်းကျင်ရှိ မြို့နယ်တချို့တို့တွင် ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့သည်။ ကိုလံဘိုသည် အနောက်ပိုင်းခရိုင်တွင် ပါဝင်နေသည်။

မြို့တော်ရှိ အဓိကငါးစျေးမှ စျေးသည် ၄၉ ဦး COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ကျန်းမာရေးအာဏာပိုင်များသည် ငါးစျေးကို ယာယီပိတ်သိမ်းခဲ့သည်။

စျေးတွင်းရှိ အခြားစျေးသည်ရာပေါင်းများစွာကိုလည်း COVID-19 ရှိမရှိ စစ်ဆေးထားပြီးဖြစ်ကာ ရလဒ်များကို ရက်ပိုင်းအတွင်းသိရှိရမည်ဖြစ်သည်။

သီရိလင်္ကာရှိ အထည်ချုပ်စက်ရုံတစ်ရုံနှင့်ဆက်စပ်၍ အောက်တိုဘာ ၂၂ ရက်အထိ ကူးစက်သူ ၂၅၁၀ ရှိနေပြီဖြစ်သည်။

အထည်ချုပ်စက်ရုံနှင့်ဆက်စပ်၍ ကူးစက်မှုသည် နှစ်လအတွင်း ပထမဆုံးအကြိမ် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။

စာသင်ကျောင်းများနှင့် အစိုးရရုံးများကို ပိတ်သိမ်းထားပြီး လူစုလူဝေးပြုမှုပိတ်ပင်ထားကာ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွင်လည်း ကန့်သတ်ချက်များ ချမှတ်ထားသည်။

သီရိလင်္ကာ၌ COVID-19 ကူးစက်သူ ၅၈၁၁ ဦးနှင့် သေဆုံးသူ ၁၂ ဦးရှိနေသည်။