အင်ဒိုနီးရှား၌ မိုးသည်းရေကြီးပြီး မြေပြိုမှုကြောင့် လူ ၁၁ ဦးသေဆုံး

အင်ဒိုနီးရှား၌ မိုးသည်းရေကြီးပြီး မြေပြိုမှုကြောင့် လူ ၁၁ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ကျောက်မီးသွေးတွင်းတစ်ခု၌ မြေပြိုခဲ့ရာ သတ္တူတွင်း လုပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း အစိုးရအရာရှိများက အောက်တိုဘာ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။

တောင်ဆူမတြားခရိုင် မူယာရာအဲနင်စီရင်စု တန်ဂျန်လာလန်းကျေးရွာရှိ မြေအောက်မီတာ ၂၀ အနက်၌ ရှိသော မြေအောက်လှိုဏ်ခေါင်းတစ်ခုအတွင်း မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန၏ပြောခွင့်ရှိသူ ရာဒီယာ ဂျာတီကပြောဆိုခဲ့သည်။

ရွှံ့ညွံများအောက်ရှိ ရုပ်အလောင်း ၁၁ လောင်းတို့ကို ပြန်လည်ဆယ်ယူခဲ့ပြီးဖြစ်သည်။

ကျွန်းစုပေါင်း ၁၇၀၀၀ ဖြင့် ဖွဲ့စည်းထားသည့် အင်ဒိုနီးရှား၌ မကြာသေးမီရက်များတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် မြေပြိုမှုများစွာဖြစ်ပွားခဲ့ပြီးဖြစ်သည်။

လူသန်းပေါင်းများစွာသည် တောင်တန်းထူထပ်သော ဒေသများ၊ မြစ်များအနီးရှိ မြေသြဇာကောင်းမွန်သော နေရာများတွင် နေထိုင်ကြသည်။

ဆူမတြားကျွန်း၌ လာမည့်သုံးရက်အတွင်း မိုးဆက်လက်ရွာသွန်းဦးမည်ဖြစ်ကြောင်း အင်ဒိုနီးရှားမိုးလေဝသဌာနက ခန့်မှန်းထားသည်။

အင်ဒိုနီးရှားရှိနေရာအများစု၌ ယခုနှစ်တွင် အောက်တိုဘာတွင် မိုးရာသီကျရောက်နေသည်။