ပင်လယ်ပြင်၌ ဒုံးကျည်ကာကွယ်ရေးစနစ်ထားရှိရန် ဂျပန်အစိုးရ၏အစီအစဉ်သည် ကုန်းမြေအခြေစိုက် ဒုံးကျည်ကာကွယ်ရေးစနစ်ထက် ကုန်ကျစရိတ်နှစ်ဆပိုမိုများပြားနေသဖြင့် ဝေဖန်မှုများရှိနေကြောင်း ဒုံးကျည်ကာကွယ်ရေးစနစ်တွင်ပါဝင်ပတ်သက်နေသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ပြောဆိုခဲ့သည်။
အမေရိကန်လက်နက်ကုမ္ပဏီ လော့ဟိမာတင်ကော်ပိုရေးရှင်းက ထုတ်လုပ်သည့် ရေဒါများတပ်ဆင်ထားသော Aegis Ashore ဒုံးကျည်ကာကွယ်ရေးစနစ်သည် မြောက်ကိုရီးယားနှင့် အခြားနေရာများမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များကို ကြားဖြတ်တားဆီးမည်ဖြစ်သည်။
ဇွန်တွင် ယင်းအချိန်က ကာကွယ်ရေးဝန်ကြီး တာရို ကိုနိုသည် တည်ဆောက်ရန် ဒေါ်လာ နှစ်ဘီလီယံခန့်ကုန်ကျမည့် ကုန်းမြေအခြေစိုက် ဒုံးကျည်ကာကွယ်စနစ်နှစ်ခုထားရှိမည့် အစီအစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့သည်။
ကုန်းမြေအခြေစိုက်ထားရှိမည့်အစား ပင်လယ်ပြင်တွင်ထားရှိရန် ၎င်းက အကြံပြုခဲ့သည်။
ရေနံတူးစင် သို့မဟုတ် ပြုပြင်ထားသော သင်္ဘောများပေါ်၌ Aegis Ashore ဒုံးကျည်ကာကွယ်ရေးစနစ်များထားရှိရန် ကာကွယ်ရေးဝန်ကြီးဌာနမှအရာရှိများက အဆိုပြုခဲ့သည်။
ကိုနို၏နေရာကိုဆက်ခဲ့သည့် နိုဘူယို ကီရှီကလည်း ယခုနှစ်အကုန်တွင် ယင်းနှင့်ပတ်သက်၍ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
နှောင့်နှေးနေခြင်းနှင့် ကုန်ကျစရိတ်များပြားခြင်းတို့ကြောင့် ပင်လယ်အခြေစိုက်စနစ်အစား ကုန်းမြေအခြေစိုက်စနစ်ကို ထောက်ခံသူများပြားနေသည်။
ကုန်းမြေအခြေစိုက် Aegis Ashore စနစ်သည် ၂၀၂၅ ခုနှစ်တွင် စတင်လည်ပတ်မည်ဖြစ်သည်။
တရုတ်၏ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မှု၊ တောင်တရုတ်ပင်လယ်တွင်း နယ်မြေချဲ့ထွင်မှုများကြောင့် တရုတ်သည် ဂျပန်အတွက် အဓိကလုံခြုံရေးအန္တရာယ်ဖြစ်ကြောင်း ဂျပန်အစိုးရက ၂၀၁၉ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။
ထို့ပြင် ဂျပန်တစ်ဝိုက်တွင် ရုရှားစစ်တပ်၏လှုပ်ရှားမှုများရှိနေသည့်အတွက် စိုးရိမ်မိကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ခဲ့သည်။

















