၂၀၂၀ ပြည့်နှစ်အကုန်ပိုင်းတွင် အမေရိကန်နိုင်ငံသားများအား COVID-19 ကာကွယ်ဆေးထိုးပေးနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးပြော

၂၀၂၀ ပြည့်နှစ်အကုန်ပိုင်းတွင် အမေရိကန်နိုင်ငံသားများအား COVID-19 ကာကွယ်ဆေးထိုးပေးနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးပြော

COVID-19 ကူးစက်ပါက သေဆုံးနိုင်ခြေများသည့် အမေရိကန်နိုင်ငံသားအားလုံးကို ကာကွယ်ဆေးထိုးပေးနိုင်လောက်အောင် လုံလောက်သည့် ကာကွယ်ဆေးပမာဏကို ၂၀၂၀ ပြည့်နှစ်အကုန်ပိုင်းတွင် ရရှိလာနိုင်ကြောင်း အမေရိကန်ကျန်းမာရေးဝန်ကြီး အဲလက်ဇ် အဇာက အောက်တိုဘာ ၂၁ ရက်တွင် ပြောဆိုခဲ့သည်။ 

Pfizer နှင့် Moderna ဆေးကုမ္ပဏီများမှ ထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေးတစ်မျိုးမျိုးကိုရရှိလာနိုင်ပြီး အမေရိကန်နိုင်ငံသားအားလုံးထံသို့ ဖြန့်ချိပေးနိုင်မည်ဟု အမေရိကန်အစိုးရက ယူဆထားကြောင်း အမေရိကန်ကျန်းမာရေးအရာရှိများက သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုရှိ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဇန်နဝါရီအစောပိုင်းလောက်တွင် ကာကွယ်ဆေးထိုးပေးနိုင်မည်ဖြစ်ပြီး ကျန်အမေရိကန်နိုင်ငံသားများအား ဧပြီတွင် ကာကွယ်ဆေးထိုးပေးနိုင်မည်ဖြစ်ကြောင်း အဇာကပြောဆိုခဲ့သည်။

အမေရိကန်အစိုးရ၏ COVID-19 ကာကွယ်ဆေးရရှိရေး အစီအစဉ်တွင် ပါဝင်နေသည့် ကုမ္ပဏီများသည် ဆေးဝါးစည်းကြပ်သူများ၏ခွင့်ပြုချက်မရရှိသေးသော်လည်း ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးကို စီစဉ်နေကြပြီဖြစ်သည်။

နိုဝင်ဘာအကုန်ပိုင်းလောက်မှသာ အမေရိကန်ဆေးဝါးစည်းကြပ်သူများထံသို့ တင်ပြနိုင်ရန် သတင်းအချက်အလက်လုံလုံလောက်လောက်ရှိလာနိုင်ကြောင်း Pfizer က လွန်ခဲ့သောအပတ်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု၌ ဆောင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် ကူးစက်သူဦးရေ မြင့်တက်လာနိုင်သည်။

အမေရိကန်နိုင်ငံသား ရှစ်သန်းကျော် ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ၂၀၀၀၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။