ဂျော်ဒန်နိုင်ငံ၌ အောက်တိုဘာ ၂၁ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၆၄၈ ဦးရှိခဲ့ပြီး ကပ်ရောဂါစတင်ချိန်မှစ၍ တစ် ရက်အတွင်း ကူးစက်သူအမြင့်ဆုံးစံချိန်တင်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော နှစ်ပတ်အတွင်း သေဆုံးသူ သုံးဆမြင့်တက်လာမှုနှင့်အတူ ဂျော်ဒန်သည် ရောဂါကူးစက်မှုကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်။
လွန်ခဲ့သောလတွင် ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် ဂျော်ဒန်သည် အရှေ့အလယ်ပိုင်းဒေသအိမ်နီးချင်းနိုင်ငံများထက် ကူးစက်သူဦးရေ ကျော်လွန်ခဲ့ပြီး ကူးစက်မှုထိန်းသိမ်းရာတွင် လပေါင်းများစွာ ရရှိခဲ့သော အောင်မြင်မှုကို ဆုံးရှုံးခဲ့ရသည်။
နေ့စဉ်သေဆုံးသူဦး ရေသည်လည်း မြင့်တက်လာခဲ့ပြီး လက်ရှိတွင် တစ်ရက်ပျမ်းမျှ လူနာ ၃၀ ခန့် သေဆုံးနေသည်။
ကူးစက်မှုများပြားလာပြီး နိုင်ငံအနေဖြင့် အကျပ်အတည်းကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူးသန်း သွားလာမှုဆိုင်ရာ ပိတ်ပင်ချက်များကို ပြန်လည်ချမှတ်မည်မဟုတ်ကြောင်း ဂျော်ဒန်ဝန်ကြီးချုပ် ဘစ်ရှာအယ်လ်ခါဆောနာက ပြောကြားခဲ့သည်။
ကာလရှည်ပိတ်ဆို့ထားမှုများသည် စီးပွားရေးကဏ္ဍအားလုံးပျက်စီး ရေးကို တွန်းပို့ပေးသလိုမျိုး ဖြစ်သွားလိမ့်မည်ဟု ၎င်းက ပြောဆိုခဲ့သည်။
လူဦးရေ ၁၀ သန်းရှိသော ဂျော်ဒန်တွင် COVID-19 ကူးစက်သူ ၄၃၆၂၀ ဦးရှိနေပြီး သေဆုံး သူ ၄၄၃ ဦးရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
စာသင်ကျောင်း များနှင့် တက္ကသိုလ်များ ပိတ်ထားရမည်ဖြစ်ပြီး စားသောက်ဆိုင်များနှင့် ကဖေးဆိုင်များမှာ လုံခြုံစိတ်ချရသည့် ကျန်းမာရေးစည်းကမ်းလမ်းညွှန်ချက် များနှင့်အညီ ဖွင့်လှစ်ခွင့်ရှိကြောင်း သိရသည်။
စျာပန အခမ်းအနားများနှင့် မင်္ဂလာဆောင်များတွင် လူ ၂၀ ဦးထက် ပိုမိုမစုဝေးရန် ကန့်သတ်ချက်ကို လည်း ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

















