ကိုဗစ်အလွန်ကာလတွင် မြန်မာနိုင်ငံ ၏ံ ခရီးစဉ်ဒေသများ၊ ဟိုတယ်နှင့်စားသောက်ဆိုင်များကို ကျန်းမာရေးဆိုင်ရာလုံခြုံရေး အသိအမှတ်ပြု(Safety Certificate )များထုတ်ပေးကာနိုင်ငံတကာအသိအမှတ်ပြု စံနှုန်းများသတ်မှတ်ပြီး ခရီးသည်များယုံကြည်စိတ်ချမှုရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးပြည်ထောင်စုဝန်ကြီး ဦး အုန်းမောင်က ပြောသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေး အသင်းနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူများအကြားအောက်တိုဘာ ၁၉ ရက်က အွန်လိုင်းအစည်းအဝေးဖြင့် တွေ့ဆုံစဉ်ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။COVID-19 ကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များမှာမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အသစ်တဖန် ပြန်လည်မြှင့်တင်ရန် မြန်မာနိုင်ငံကို Healthy Destination ၊Safe Destination တစ်ခုအဖြစ်ကမ္ဘာကသိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးက ဆိုသည်။
''ဒီအချက်က ခရီးသွားလုပ်ငန်းတွေပြန်လည်ဖွင့်တဲ့အခါမှာ အကျိုးရှိစေမှာပါ။ ခုဆိုရင် ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေမှာ အရင်ကလိုနီးကပ်ကပ်မဟုတ်ဘဲ အကွာအဝေးတွေ၊ကျန်းမာရေး လမ်းñွှန်ချက်တွေအတိုင်းဆောင်ရွက်မှုတွေ ပြောင်းကြပါပြီ''ဟု ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်ဦးမျိုးဝင်းသန်းက မြန်မာတိုင်းမ်သို့ပြောသည်။
ကမ္ဘာအနှံ့တွင် လုံးဝရပ်ဆိုင်းသွားခဲ့သည့် ခရီးသွားလုပ်ငန်းသည်လာမည့်နှစ်မှ ပြန်လည် စတင်နိုင်မည်ဟုလည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကျွမ်းကျင်သူများကမှန်းဆထားသည်။နိုင်ငံတကာခရီးသွားလုပ်ငန်းများပြန်လည်နလန်ထူနိုင်ရန် အနည်းဆုံးနှစ်နှစ်မှ ရှစ်နှစ်လောက်အထိ ကြာနိုင်သည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ကျွမ်းကျင်သူများကမှန်းဆထားသည်။
မြန်မာနိုင်ငံတွင် တစ်ကြော့ပြန်မြင့်တက်လာသည့် ကိုဗစ်ကြောင့်လေကြောင်းလိုင်းများနှင့်ခရီးသွားလုပ်ငန်းများကို လက်ရှိတွင်ရပ်ဆိုင်းထားရသည်။ ပြီးခဲ့သည့်မတ်လကုန်မှစပြီး ပြည်ပခရီးသည်များဝင်ရောက်ခွင့်အတွက် လေကြောင်းလိုင်းများကိုကန့်သတ်ထားခဲ့သည့် မြန်မာနိုင်ငံလေကြောင်းကဏ္ဍသည် လက်ရှိတွင်လည်း ပြည်တွင်းခရီးစဉ်များပြေးဆွဲမှုကို ရပ်ဆိုင်းထားသည်။
ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယား အရ ၂ဝ၂ဝပြည့်နှစ်၏ပထမနှစ်ဝက်ကာလတွင် နိုင်ငံတကာခရီးသည် ဝင်ရောက်မှုမှာ သန်း၄၄ဝ၊ရာခိုင်နှုန်းအားဖြင့် ၆၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဝင်ငွေအနေဖြင့် အမေရိကန် ဒေါ်လာ ၄၆ဝ ဘီလီယံဆုံးရှုံးခဲ့သည့်အတွက် အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် ထိခိုက်မှုအများဆုံးကဏ္ဍထဲတွင် ပါဝင်သည်။

















