တောင်ကိုရီးယား၌ အောက်တိုဘာ ၂၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၅၅ ဦးရှိ

တောင်ကိုရီးယား၌ အောက်တိုဘာ ၂၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၅၅ ဦးရှိ

ဆိုးလ် အောက်တိုဘာ ၂၃ - တောင်ကိုရီးယားနိုင်ငံ၌ အောက်တိုဘာ ၂၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၅၅ ဦးရှိခဲ့ပြီး ယင်းသည် ရက် ၄၀ ကျော်အတွင်း တစ်ရက်လျှင် ကူးစက်သူသစ်အများဆုံးရှိခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန(KCDC) က ထုတ်ပြန်ခဲ့သည်။

ဆိုးလ်မြို့အရှေ့ဘက် နမ်ယန်ဂျူရှိ ဘိုးဘွားရိပ်သာတစ်ခု၌ ဝန်ထမ်းနှင့် ဘိုးဘွား ၃၀ ကျော်တို့ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ရိပ်သာကို လူဝင်လူထွက်ပိတ်ပင်ခဲ့သည်။ ထို့ပြင် ဂွမ်ကျူးရှိ ဆေးရုံတစ်ရုံ၌ COVID-19 ကူးစက်သူသစ် ၁၂၀ ခန့်ရှိခဲ့သည်။

တောင်ကိုရီးယား၌ COVID-19 ကူးစက်သူ ၂၅၆၉၈ ဦးနှင့် သေဆုံးသူ ၄၅၅ ဦးရှိနေသည်။ တောင်ကိုရီးယား၌ တုပ်ကွေးကာကွယ်ဆေးထိုးနှံပြီးနောက် အသက် ၁၇ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးသေဆုံးမှုနှင့် ကာကွယ်ဆေးတို့ကြား ဆက်စပ်မှုမရှိကြောင်း မှုခင်းဆေးပညာဌာနက လေ့လာတွေ့ရှိခဲ့သည်ဟု ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့သည်။ တောင်ကိုရီးယား၌ တုပ်ကွေးကာကွယ်ဆေးထိုးနှံပြီးနောက် သေဆုံးသူ ၂၅ ဦးအထိရှိနေပြီဖြစ်သည်။

တောင်ကိုရီးယားအစိုးရသည် လူဦးရေ ၅၂ သန်းအနက် သန်း ၃၀ ခန့်ကို တုပ်ကွေးကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်နေသည်။ အောက်တိုဘာ ၂၂ ရက်တွင် သေဆုံးသူ ခုနစ်ဦးရှိခဲ့သည်။ သေဆုံးမှုနှင့်ကာကွယ်ဆေးတို့ကြား ဆက်စပ်မှုမရှိသဖြင့် ကာကွယ်ဆေးထိုးမှုကို မရပ်ဆိုင်းလိုကြောင်း အာဏာပိုင်များက အောက်တိုဘာ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။ အေပီ