ထိုင်ဝမ်သို့ လက်နက်ရောင်းချမှု ရပ်တန့်ရန် အမေရိကန်အား တရုတ်တိုက်တွန်း

ထိုင်ဝမ်သို့ လက်နက်ရောင်းချမှု ရပ်တန့်ရန် အမေရိကန်အား တရုတ်တိုက်တွန်း

ပေကျင်း အောက်တိုဘာ ၂၃ - အမေရိကန်အနေဖြင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုနှင့် စစ်ဘက် ဆိုင်ရာဆက်ဆံရေးထားရှိမှုတို့ကို ရပ်တန့်ရန် တရုတ်-အမေရိ ကန်ဆက်ဆံရေး ထပ်မံထိခိုက်စေမှုကို ရှောင်ကျဉ်ရန်နှင့် ထိုင်ဝမ် ရေလက်ကြား၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို မထိခိုက်စေရန်အတွက် လက်နက်ရောင်းချမှုနှင့် ပတ်သက်သော အစီအစဉ်များကို ဖျက်သိမ်းရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ထိုင်ဝမ်သို့ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ လက်နက်စနစ် သုံးမျိုး ရောင်းချရေး သဘောတူညီမှုအသစ်နှင့် ပတ် သက်ပြီး မေးမြန်းရာတွင် ပြောရေးဆိုခွင့်ရှိသူ ကျောက်လီချန်းက ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်သို့ အမေရိကန်က လက်နက်ရောင်းချမှုသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒ၊ တရုတ်နှင့် အမေရိကန်တို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည့် အချက်သုံးရပ်အပေါ် ချိုးဖောက်ခြင်းဖြစ်ပြီးတရုတ်၏ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်းဖြစ်ကာ တရုတ်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးရည်မှန်းချက်များကို ထိပါးစေကြောင်း ကျောက်လီချန်းက ပြောဆိုခဲ့သည်။

‘’ ဒီလုပ်ရပ်ဟာ ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးသမားတွေ အပေါ် မှားမှားယွင်းယွင်းကြီးကို အချက်ပြလိုက်တာပါပဲ။ နောက်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေသလို ထိုင်ဝမ် ရေ လက်ကြားအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုလည်း ထိပါးစေခဲ့တယ်။ တရုတ်ကတော့ ဒါကို လုံး၀ ဆန့်ကျင်ပါတယ်’’ ဟု ကျောက်လီချန်းက နေ့စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ အေပီ