သမ္မတဆိုင်ရာနောက်ဆုံးစကားစစ်ထိုးပွဲ ထရမ့်နှင့် ဘိုင်ဒင် ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်

သမ္မတဆိုင်ရာနောက်ဆုံးစကားစစ်ထိုးပွဲ ထရမ့်နှင့် ဘိုင်ဒင် ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်

နက်ရှ်ဗီး အောက်တိုဘာ ၂၃ - အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် အောက်တိုဘာ ၂၂ ရက်တွင် ပြုလုပ်သည့် သမ္မတဆိုင်ရာ နောက်ဆုံးစကားစစ်ထိုးပွဲတွင် လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒင်တို့သည် တစ်ဦးနှင့်တစ်ဦး ပုဂ္ဂိုလ်ရေးအရ ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။

ယခုစကားစစ်ထိုးပွဲတွင် ထရမ့်သည် ပိုမိုထိန်းထိန်းသိမ်းသိမ်းပြောဆိုခဲ့သည်။ တင်နက်ဆီပြည်နယ် နက်ရှ်ဗီးရှိ ဘယ်မန့်တက္ကသိုလ်၌ ပြုလုပ်ခဲ့သည့် စကားစစ်ထိုးပွဲတွင် ထရမ့်သည် လူကြိုက်များမှုပြန်လည်ရရှိရေးအတွက် အသည်းအသန်ကြိုးပမ်းခဲ့ရသည်။

အမေရိကန်ပြည်ထောင်စု၌ လူပေါင်းများစွာသေဆုံးမှုအတွက် တာဝန်ရှိသူတစ်ဦးသည် သမ္မတအဖြစ်အုပ်ချုပ်ခွင့်မရှိကြောင်း ဘိုင်ဒင်ကပြောဆိုခဲ့သည်။ သို့သော် ထရမ်က့က အမေရိကန်ပြည်ထောင်စု၌ COVID-19 အကြီးအကျယ်ဖြစ်ပွားမှု အရှိန်လုံးဝလျော့ကျသွားပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်ကာ ဗိုင်းရပ်စ်နှင့် နေသားကျအောင်နေထိုင်ရမည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

ဘိုင်ဒင်သည် နိုင်ငံရေးလုပ်စားသူသာဖြစ်ပြီး နှစ် ၅၀ နိုင်ငံရေးလုပ်သက်အတွင်း ပြောပလောက်အောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။ ယင်းနောက်တွင် ထရမ့်နှင့် ဘိုင်ဒင်တို့သည် နိုင်ငံရပ်ခြားရှိ ပတ်သက်မှုများနှင့်ပတ်သက်၍ စွပ်စွဲပြောဆိုခဲ့ကြသည်။

ဘိုင်ဒင်နှင့် သားဖြစ်သူ ဟန်တာတို့သည် တရုတ်နှင့် ယူကရိန်းတို့၌ မသမာမှုများကျူးလွန်ခဲ့ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။ ၎င်းနှင့် မိသားစုတို့သည် နိုင်ငံခြားတိုင်းပြည်တစ်ပြည်ထံမှ ငွေတစ်ပြားတစ်ချပ်မှ လက်ခံရရှိခြင်းမရှိကြောင်း ဘိုင်ဒင်က ဖြေရှင်းပြောဆိုခဲ့သည်။

ထရမ့်သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ဝင်ငွေခွန်မဆောင်ခဲ့ကြောင်း ဘိုင်ဒင်ကလည်း နယူးယောက်တိုင်းမ်၏ဖော်ပြချက်ကို ကိုးကားပြောဆိုခဲ့သည်။ ထရမ့်ကလည်း အခွန်သန်းပေါင်းများစွာပေးဆောင်ခဲ့ပြီး စာရင်းစစ်မှုပြုလုပ်ပြီးပါက အခွန်ဆောင်ထားသည့် စာရင်းကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

စကားစစ်ထိုးသူနှစ်ဦးသည် ကျန်းမာရေးစောင့်ရှောက်မှု၊ တရုတ်ရေးရာမူဝါဒနှင့် လူမျိုးရေးခွဲခြားမှုတို့နှင့်ပတ်သက်၍ ငြင်းခုန်ခဲ့ကြသည်။ ထရမ့်သည် လူမျိုးရေးမီးတောက်ပိုမိုကြီးမားအောင် လေပင့်ပေးနေကြောင်း ဘိုင်ဒင်ကပြောဆိုခဲ့သည်။ ဘိုင်ဒင်သည် လူနည်းစုဝင်များ ထောင်ဒဏ်ကျခံရရေးကို ရည်ရွယ်သည့် ၁၉၉၄ ရာဇဝတ်မှုဆိုင်ရာဥပဒေ အတည်ပြုရေးတွင် အဓိကနေရာမှပါဝင်ခဲ့သူဖြစ်ကြောင်း ထရမ့်က တုံ့ပြန်ပြောဆိုခဲ့သည်။ အေပီ