လေယာဉ်ပေါ်တွင် COVID-19 ကူးစက်နိုင်ခြေနည်းသော်လည်း မကူးစက်သည့်အခြေအနေမဟုတ်ကြောင်း WHO ထုတ်ပြန်

လေယာဉ်ပေါ်တွင် COVID-19 ကူးစက်နိုင်ခြေနည်းသော်လည်း မကူးစက်သည့်အခြေအနေမဟုတ်ကြောင်း WHO ထုတ်ပြန်

ဂျနီဗာ အောက်တိုဘာ ၂၃ - လေယာဉ်အတွင်း COVID-19 ကူးစက်ပျံ့နှံ့သည့် အခြေအနေ မှာ ဖြစ်နိုင်ခြေနည်းပါးသော်လည်း မကူးစက်သည့် အခြေအနေမျိုးမဟုတ် ကြောင်း၊ လေ့လာမှုအရ ကူးစက်မှုအနည်းငယ် ရှိကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) က ထုတ်ပြန်ခဲ့သည်။

လေယာဉ်ပျံသန်းနေချိန်အတွင်း ကူးစက်မှု ဖြစ်နိုင်သော်လည်း ကူးစက် နိုင်ခြေ အလွန်နည်းပါးပြီး များပြားသော ခရီးသည်များအကြား ကူးစက်မှု အနည်းငယ်သာရှိခဲ့ကြောင်း လေ့လာမှုအရ တွေ့ရှိခဲ့ရသည်။ ရောဂါပိုးကူးကျယ်ကျယ်ပြန့်ပြန့် မကူးစက်ကြောင်း ထုတ်ဝေခဲ့သည့် စာစောင်များရှိသော်လည်း ကူးစက်မှုမရှိနိုင်ဟု ဆိုလိုခဲ့ခြင်း မဟုတ်ကြောင်း WHO က ရိုက်တာသတင်းဌာနသို့ ပြောကြားချက်အရ သိရသည်။လေယာဉ်ခရီးစဉ်များအတွင်း ရောဂါပိုး ကူးစက်မှု ဖြစ်နိုင်ခြေမှာ အလွန်ပင် နည်းပါးကြောင်း လေ့လာမှုတစ်ရပ်ကို အခြေခံကာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက လွန်ခဲ့သော သီတင်းပတ်၌ ထုတ်ပြန်ခဲ့သည်။

လေယာဉ်အတွင်း ရောဂါပိုးကူးစက်မှုအန္တရာယ်ကို ဖော်ပြနိုင်ရန်အ တွက် အချို့သော လေကြောင်းလိုင်းများကမူ ပိုမိုနားလည်လွယ်သော အချက် အလက်များကို အသုံးပြုခဲ့ကြသည်။ မကြာသေးမီက လေ့လာမှုများ အရ ကူးစက်မှုအန္တရာယ်မှာ လုံးဝနီးပါး မရှိကြောင်း Southwest လေကြောင်းလိုင်း နှင့် ယူနိုက်တက်လေကြောင်းလိုင်းနှစ်ခုစလုံးက ပြော ကြားခဲ့သည်။

လက်ရှိအချိန်တွင် အလယ်ခုံတန်းအားလုံး လွှတ်ထားရပြီး လူအနည်း ငယ်ကိုသာ တင်ဆောင်ပြေးဆွဲနေရသော လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Southwest က လေ့လာမှုများ၏ အဆိုအရ အလယ်တန်းထိုင်ခုံများအား လွှတ်ထားရန် ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းပေးရလိမ့်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာလေကြောင်းလိုင်းအာဏာပိုင်အဖွဲ့ (IATA) ၏ ထုတ်ပြန်ချက်အရ ယခုနှစ်တွင် လေယာဉ်ခရီးစဉ်နှင့် ဆက်နွှယ်ပြီး ကူးစက် မှုမှာ ခရီးသည် ၁ ဒသမ ၂ ဘီလီယံတွင် ၄၄ ဦးသာရှိပြီး ခရီးသည် ၂၇ ဘီလီယံတွင် ပျမ်းမျှတစ်ဦးသာ ကူးစက်မှုရှိခဲ့ကြောင်း သိရသည်။

သို့သော် အမေရိကန် ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင် ဒေါက်တာ ဒေးဗစ်ဖရိဒ်မန်းကမူ IATA ၏ ထုတ်ပြန်ချက်ကို ငြင်းဆန်ခဲ့ပြီး လေယာဉ်ပေါ် တွင် COVID-19 ကူးစက်နိုင်ခြေ အလွန်တရာနည်းပါးကြောင်း အခိုင်အမာ ပြောဆိုမှုသည် သင်္ချာညံ့ဖျင်းမှုအပေါ်တွင် အခြေခံကာ တွက်ချက်ခဲ့ခြင်းဖြစ် ကြောင်း ဝေဖန်ခဲ့သည်။ အေပီ