ရီယိုဒီဂျနေးရိုး အောက်တိုဘာ ၂၃ - တရုတ်ဆေးဝါးကုမ္ပဏီ Sinovac ကထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေးကို တစ်နိုင်ငံလုံးသို့ ဖြန့်ချိမည်ဖြစ်ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ပြီး တစ်ရက်အကြာတွင် ဘရာဇီးသမ္မတ ဂျိုင်ယာ ဘိုဆိုနာရိုက တရုတ်လုပ်ကာကွယ်ဆေးကို ဝယ်ယူမည်မဟုတ်ကြောင်း အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်ကုမ္ပဏီ Sinovac နှင့် ဆော်ပေါလိုရှိ ဘူတန်တန်အင်စတီကျုတို့က ပူးပေါင်းပြီး ဘရာဇီး၌ စမ်းသပ်နေသည့် COVID-19 ကာကွယ်ဆေးကို ဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး အီဒူယာဒို ပါဇူလိုကပြောဆိုခဲ့သည်။ ယင်းသဘောတူညီမှုနှင့်ပတ်သက်၍ ဘိုဆိုနာရိုကို ထောက်ခံသူများက ဝေဖန်ပြောဆိုခဲ့သည်။ အောက်တိုဘာ ၂၁ ရက်တွင်လည်း ဘိုဆိုနာရိုသည် တရုတ်လုပ်ကာကွယ်ဆေးကို ဝယ်ယူမည်မဟုတ်ကြောင်း လူမှုမီဒီယာ၌ ရေးသားခဲ့သည်။
“ဘရာဇီးပြည်သူတွေဟာ သူများရဲ့ အစမ်းသပ်ခံမဟုတ်ဘူး၊ အဲ့ဒီပြောထားတဲ့ ကာကွယ်ဆေးကို မဝယ်ဘူးလို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်” ဟု ဘိုဆိုနာရိုက တွစ်တာနှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ရေးသားခဲ့သည်။
ဘိုဆိုနာရိုသည် ၂၀၁၈ ခုနှစ်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေစဉ်အတွင်း တရုတ်ကို ဝေဖန်ပြောဆိုခဲ့သော်လည်း ယမန်နှစ်တွင်မူ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဆက်ဆံရေးပိုမိုကောင်းမွန်ရေး ကြိုးပမ်းခဲ့သည်။ သို့သော် လွန်ခဲ့သောလအနည်းငယ်တွင်မူ ဘိုဆိုနာရို၏သားဖြစ်သူ လွှတ်တော်အမတ် အီဒူယာဒို ဘိုဆိုနာရိုက တရုတ်အာဏာရှင်စနစ်ကြောင့် ကူးစက်ရောဂါဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သမ္မတဘိုဆိုနာရိုသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဆက်ဆံရေးပိုမိုကောင်းမွန်စေရေးကို နိုင်ငံခြားရေးမူဝါဒ၏အဓိကအချက်အဖြစ် သတ်မှတ်ထားသည်။အေပီ

















