ဖနောင်ပင် အောက်တိုဘာ ၂၃ - ကမ္ဘောဒီးယားနိုင်ငံတွင်း တရုတ်စစ်သည်များ စခန်းချရန် အစီအစဉ်နှင့်ပတ်သက်၍ မြို့တော် ဖနောင်ပင်ရှိ တရုတ်သံရုံးရှေ့၌ အောက်တိုဘာ ၂၃ ရက်တွင် ဆန္ဒထုတ်ဖော်သူ လူတစ်စုအား ကမ္ဘောဒီးယားရဲတပ်ဖွဲ့က အင်အားသုံးလူစုခွဲခဲ့သည်။
ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ခဏတာထိပ်တိုက်ဆုံခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူသုံးဦးကို ရဲတပ်ဖွဲ့သုံးထရပ်ကားပေါ်သို့ ခေါ်ဆောင်ခဲ့သည်။ ကမ္ဘောဒီးယား၌ တရုတ်က စစ်ရေးအရ နယ်ချဲ့ခြင်းကို ဆန့်ကျင်ပါကြောင်း ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြသည်။
ရီယမ်ရေတပ်စခန်း၌ တရုတ်စစ်သည်များကို တပ်စွဲထားရှိခွင့်ပေးရန် လျှို့ဝှက်သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်နေခဲ့ရာ ယင်းသတင်းများ မမှန်ကန်ကြောင်း ကမ္ဘောဒီးယားအစိုးရက ရှင်းလင်းပြောဆိုခဲ့သည်။
ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်မှုဖြင့် ဆန္ဒပြသူတချို့ကို ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို စစ်ဆေးမေးမြန်းနေကြောင်း ဖနောင်ပင်ရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ ဆန် ဆော့ ဆေဟာကပြောဆိုခဲ့သည်။ သံရုံးကိုကာကွယ်ရမည်ဖြစ်သလို ငြိမ်ဝပ်ပိပြားရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆေဟာကပြောဆိုခဲ့သည်။
ကမ္ဘောဒီးယားသည် တရုတ်၏မဟာမိတ်ဖြစ်ပြီး စီးပွားရေးအရ အကူအညီများအတွက် အပြန်အလှန်အဖြစ် တရုတ်၏ပိုမိုကြီးမားလာသော သြဇာကို လက်ခံနေသည်။

















