Asean Economic Community(AEC) 2025 နှင့် ပတ်သက်၍အချက် ၁၅၅ ခုအနက် ၄၃ ခုကို မြန်မာက အကောင်ထည်ဖော်နိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ဒုဝန်ကြီး ဦးဗရတ်ဆင်းဦးက ပြောသည်။
AEC လုပ်ငန်းစဉ်နှင့် ပတ်သက်၍အာဆီယံဒေသလုပ်ဆောင်မှုတို့မှာ ၂ဝ၂ဝပြည့်နှစ်အတွင်း COVID-19 ကပ်ဘေးရောဂါကြောင့် နှောင့်နှေးကြန့်ကြာမှုတို့ရှိနေခဲ့သည်။ မြန်မာနိုင်ငံအနေနှင့်အချက် ၁၅၅ ခုခန့်အနက် ၄၃ ကို ဖော်ဆောင်နိုင်သည့်အတွက် ၂၈ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီးဖြစ်သည်။
ကျန်ရှိသည့်လုပ်ငန်း ၁၁၂ ခုအနက်လုပ်ငန်းကိုးခုသည် Country Level ဆောင်ရွက်ရန်နှင့် ကျန်လုပ်ငန်း ၁ဝ၃ ခုသည် Regional Level အနေဖြင့် ဆောင်ရွက်ရန်ဖြစ်ကြောင်းဒုတိယဝန်ကြီးက ဗနဃ၂ဝ၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။
၂ဝ၂ဝ ပြည့်နှစ်အတွင်း ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ရမည့် Asean Economic Community လုပ်ငန်းများနှင့်စပ်လျဉ်း၍ လက်ရှိ AEC အကောင်အထည်ဖော်မှုမှာ COVID-19 ဖြစ်ပွားမှုကြောင့် အာဆီယံဒေသတစ်ခုလုံးအကောင်အထည်ဖော်မှုနှုန်းလျော့နည်းနေသည့် အခြေအနေရှိကြောင်းဒုဝန်ကြီးဦးဗရတ်ဆင်းဦးက ဆိုသည်။
COVID-19 အလွန် ပြန်လည်ထူထောင်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများသည် AEC 2025 အကောင်အထည်ဖော်မှုများနှင့်ချိတ်ဆက် ဆောင်ရွက်မည် ဖြစ်၍ အားလုံးပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်းနှင့် အခက်အခဲများကိုလည်းပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားစေလိုကြောင်းဒုတိယဝန်ကြီးက ဆက်လက် ပြောသည်။
အာဆီယံစီးပွားရေးအသိုက်အဝန်း AEC 2025 ကို အကောင်အထည်ဖော်ရာတွင် ၂ဝ၂ဝ ပြည့်နှစ်အတွင်း အာဆီယံဒေသတစ်ခုလုံးအနေဖြင့် အကောင်အထည်ဖော်ရန် လုပ်ငန်း ၁၅၆ ခုတွင် လုပ်ငန်း ၃၆ ခုကို အကောင်အထည်ဖော်ခဲ့ကြသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AEC 2025 ကို ၂ဝ၁၆ ခုနှစ်မှစတင်အကောင်အထည်ဖော်ခဲ့ကာ ယခုနှစ်တွင် AEC 2025 ၏ ကာလလယ် သုံးသပ်ချက်ကိုအာဆီယံအတွင်းရေးမှူးချုပ်ရုံးက ဆောင်ရွက်ခဲ့ပြီး သုံးသပ်ချက်များကိုအခြေခံ၍အနာဂတ်တွင် ရှေ့ဆက်လက်ဆောင်ရွက်မည့် အာဆီယံ ၂ဝ၂၅ အလွန် မျှော်မှန်းချက် Post 2025 ASEAN Vision ကိုရေးဆွဲသွားမည် ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ လူစွမ်းအားနှင့် ဘဏ္ဍာရေးအရင်းအမြစ် နည်းပါးသော်လည်းအာဆီယံဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသဆိုင်ရာကတိကဝတ်များပြည့်မီရေး ဆောင်ရွက်နေသလိုအခွင့် အလမ်းများရှိနေသည်ဟုဆိုသည်။
စိန်ခေါ်မှုအနေဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကဏ္ဍ၌ ASEANNTM Database ကို အဆင့်မြှင့်တင်ရန်လိုအပ်ပြီးစိုက်ပျိုးရေးကဏ္ဍ၌ ကောင်းမွန်သောစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်များတိုးချဲ့ရန်လိုအပ်ကာ စိန်ခေါ်မှုများကိုဖြေရှင်းကျော်လွှားနိုင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ AEC 2025 အကောင်အထည်ဖော်မှုကိုအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဦးဗရတ်ဆင်းဦး က ပြောသည်။
Asean Economic Community 2025 သည် အာဆီယံဒေသနိုင်ငံအချင်းချင်းကုန်သွယ်ရေး၊စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း၊ ကမ္ဘာ့ဈေးကွက်အပေါ် လိုက်ပါယဉ်ပြိုင်နိုင်စွမ်းရှိလာစေရန်၊ နည်းပညာအခြေခံသော ဖွံဖြိုးတိုးတက်မှုတို့ကိုဖန်တီးပြီး လွတ်လပ်ပွင့်လင်းမြင်သာသည့်အခြေအနေတို့ကို ဖန်တီးရန်နှင့် အာဆီယံဒေသအတွင်းရှိ အငယ်စား၊ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍများတိုးတက်လာစေရန် ရည်ရွယ်ထားကြောင်း ASEAN Community Vision 2025 တွင် ဖော်ပြထားသည်။

















