ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့တွင် အောက်တိုဘာ ၂၃ ရက်အထိ COVID-19 အတည်ပြုလူနာ ၂ဝ ဦးအထိ ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး ၂၄ ဦးမှာဆေးရုံတက်နေဆဲဖြစ်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ သိရသည်။
''မြဝတီမြို့နယ်မှာ COVID-19 လူနာ ၄၅ ဦးရှိပါတယ်၊ အဲဒီထဲကမှတစ်ဦးသေဆုံးခဲ့ပြီး ကျန်းမာစွာနဲ့ ဆေးရုံဆင်းသွားသူက ၂ဝ ဦး ရှိပါတယ်၊ ၂၄ ဦးကတော့ ဆေးရုံတက်နေဆဲဖြစ်ပါတယ်''ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူးဦးတေဇာအောင်က ပြောသည်။
မြဝတီမြို့တွင်တွေ့ရှိသည့် COVID-19 လူနာများမှာ ပြည်တွင်းခရီးသွားရာဇဝင်ရှိသူ ၂၅ ဦး၊ ၎င်းတို့နှင့်ထိတွေ့သူ ၁၂ ဦး၊ ပြည်ပခရီးသွားရာဇဝင်ရှိသူခြောက်ဦး၊ အနံ့ပျောက်သူနှစ်ဦး၊ စုစုပေါင်း ၄၅ ဦးရှိကြောင်း သိရသည်။
မြဝတီမြို့ကုန်သွယ်ရေးဇုန်အနီးတွင် မြဝတီမှ ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား နေ့စဉ် ကိုဗစ်ရောဂါပိုးစစ်ဆေးပေးလျက်ရှိပြီး Negative ဖြစ်မှသာ ကျန်းမာရေးထောက်ခံချက်ရရှိမည်ဖြစ်ပြီး ကုန်များသယ်ဆောင်ခွင့်ရမည်ဖြစ်သည့်အတွက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၁၃ဝ ခန့်ကို နေ့စဉ်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
















