ရန်ကုန်၌ COVID-19 ထိန်းနိုင်ပြီဖြစ်သော်လည်း Stay at Home သတ်မှတ်ချက် တည်ဆဲဖြစ်ဟုဆို

ရန်ကုန်၌ COVID-19 ထိန်းနိုင်ပြီဖြစ်သော်လည်း Stay at Home သတ်မှတ်ချက် တည်ဆဲဖြစ်ဟုဆို

ရန်ကုန်တိုင်း၌ COVID-19 ဖြစ်ပွားမှုအခြေအနေအား ထိန်းနိုင်ပြီဖြစ်သော်လည်း Stay at Home သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများသည် ဆက်လက်တည်ဆဲဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကအောက်တိုဘာ ၂၃ ရက် ညပိုင်းကပြည်သူသို့ အစီရင်ခံသည့် မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုခဲ့သည်။

''ဒီနေ့ COVID-19 နဲ့ပတ်သက်ပြီးပြည်သူတွေကို တင်ပြရမယ့်အကြောင်းအရာတွေထဲမှာ အရေးကြီးဆုံးက Stay at Home မြို့နယ်တွေ ကြေညာထားတဲ့ဟာ မပြီးပြတ်သေးဘူးဆိုတာ သတိပေးချင်ပါတယ်။ အထူးသဖြင့်ရန်ကုန်မှာပေါ့နော်။ ရန်ကုန်မှာ တချို့စက်ရုံအလုပ်ရုံတွေ၊ ကျွန်မတို့နိုင်ငံရဲ့ရေရှည်စီးပွားရေးအတွက် အရေးကြီးတဲ့စက်ရုံတွေ၊ အလုပ်ရုံတွေ ပြန်ပြီးတော့ လည်ပတ်နိုင်ဖို့ စည်းမျဉ်းစည်းကမ်းတွေသတ်မှတ်ပြီးတော့ စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီရင် လည်ပတ်နိုင်တယ်ဆိုတာကို ခွင့်ပြုလိုက်လို့ တချို့က Stay at Home လွှတ်သွားပြီလို့ထင်နေကြပါတယ်။Stay at Home ကတော့ အခုထက်ထိတော့ တည်ဆဲပါပဲ။ဒီစည်းမျဉ်းစည်းကမ်းတွေ ကတော့တည်ဆဲပါပဲ။ ဆက်ပြီးတော့ ဒီစည်းမျဉ်းစည်းကမ်းတွေအတိုင်းနေပါလို့ မေတ္တာရပ်ခံပါရစေ'' ဟု ၎င်းက ပြောသည်။

ထို့ပြင် ရန်ကုန်၊ ပဲခူး၊ ရခိုင် စသည့်တိုင်းနှင့်ပြည်နယ်တို့တွင် ရောဂါဖြစ်ပွားမှု တိုးမြင့်လျက်ရှိသောကြောင့်သတ်မှတ်ညွှန်ကြားချက်များနှင့်အညီနေထိုင်ရမည်ဖြစ်ကြောင်း ဆိုသည်။COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေသည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အခြေအနေ အကောင်းဆုံးနိုင်ငံစာရင်းတွင်မပါဝင်သော်လည်း အခြေအနေအဆိုးဆုံးစာရင်း၌လည်း မပါဝင်ကြောင်းပြောဆိုသည်။

''ရန်ကုန်မှာ အခု ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး စပြီးတော့ ထိန်းနိုင်ပါပြီ။စရုံပဲရှိပါသေးတယ်နော်။ ထိန်းနိုင်သွားပြီလို့ ပြောတာမဟုတ်ပါဘူး။စပြီးတော့ ထိန်းနိုင်ပါပြီလို့ ပြောချင်တာ။ အရင်အမြင့်ဆုံးအဆင့်ကနေပြီးတော့ကျလာပြီ။ သို့သော်လည်း အတက်အကျလေးကတော့ ရှိနေပါတယ်။လုံးဝဆက်ပြီးတော့ ကျနေတာမဟုတ်ပါဘူး။ ကျလိုက် နည်းနည်းတက်လိုက်။နည်းနည်းကျလိုက် တက်လိုက်ပေါ့နော်။ စပြီးတော့ ထိန်းလို့ရပြီလို့တော့ပြောနိုင်ပါတယ်။ ဒါပေမဲ့ တကယ်ကိုပိုင်ပိုင်နိုင်နိုင်ထိန်းဖို့ဆိုရင် ထိန်းနိုင်ဖို့ဆိုတာ ဆက်ပြီးတော့ လုပ်ရဦးပါမယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရောဂါဖြစ်ပွားမှု အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် အကျပ်အတည်းအခက်အခဲဖြစ်ပေါ်နေသည်ကို သိရှိကြောင်းနှင့်ပြည်သူများ၏ စီးပွားရေးအခက်အခဲများကို ဖြည့်ဆည်းပေးနိုင်ရန် အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်းပြောဆိုသည်။ ထို့ပြင် ပြည်သူများ၏ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်သက်၍လည်း မြို့နယ်အဆင့်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်အသစ်များကို လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး