လန်ဒန် အောက်တိုဘာ ၂၄ - လွန်ခဲ့သောနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ၌ ခိုးယူခြင်းခံခဲ့ရသော အမေရိကန်ဒေါ်လာ သုံးသန်းတန်ကြေးရှိ ၁၅ ရာစု တရုတ်ရိုးရာ လက်မှုကြွေပန်းအိုး တစ်လုံးအား ပြန်လည်ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
တရုတ်ပြည်၏ ‘မင်’ မင်းဆက် ကြွေပန်းအိုးအား ခိုးယူခဲ့သူနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပန်းအိုးကို ရာဇဝတ်မှုများ ကျူးလွန်နေသော လန်ဒန်အခြေစိုက် ဂိုဏ်းတစ်ခုက ၂၀၁၉ ခုနှစ်တွင် ဆွစ်ဇာလန်၌ ပြုလုပ်ခဲ့သော ပြပွဲတစ်ခုတွင် ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း ယူဆခဲ့ကြသည်။
ခိုးရာပါပစ္စည်း လက်ဝယ်ရှိနေနိုင်သည်ဟု သံသယရှိထားသော အ သက် ၄၄ နှစ်နှင့် ၄၂ နှစ်အရွယ် လူနှစ်ဦးကို လန်ဒန်မြို့ရှိ တိုနီမေဖဲယား ဒေသတွင် လွန်ခဲ့သော နှစ်ပတ်ခန့်က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးကို နိုဝင်ဘာလလယ်အထိ အာမခံဖြင့် ပြန် လွှတ်ပေးခဲ့သည်။
‘’ဒါက တန်ဖိုးမြင့်ပစ္စည်း ဖောက်ထွင်းမှုတစ်ခုအပေါ် ရှုပ်ထွေးနေတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုအတွက် သိသိသာသာနဲ့ ရှေ့တိုးဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်’’ ဟု မှုခင်းအထူးစုံစမ်းရေးတပ်ဖွဲ့ စုံထောက်ချုပ် ဂျင်မီတယ်လီက ပြောကြားခဲ့သည်။ ပြန်လည်သိမ်းဆည်းရမိခဲ့သော ကြွေ ပန်းအိုးအား ဆွစ်ဇာလန်ထံသို့ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း ဗြိတိန်က ထုတ်ပြန်ခဲ့သည်။ အေပီ

















