S-400 လေကြောင်းကာကွယ်ရေးစနစ် ဒုံးကျည်များကို စမ်းသပ်နေပြီဟု အာဒိုဂန် ပြောကြား

S-400 လေကြောင်းကာကွယ်ရေးစနစ် ဒုံးကျည်များကို စမ်းသပ်နေပြီဟု အာဒိုဂန် ပြောကြား

အီစတန်ဘူလ် အောက်တိုဘာ ၂၄ - တူရကီစစ်တပ်သည် ရုရှားထံမှ ဝယ်ယူထားသော S-400 လေကြောင်း ကာကွယ်ရေးစနစ် ဒုံးကျည်များကို စမ်းသပ်နေပြီဖြစ်ကြောင်း တူရကီ သမ္မတ ရီဆပ်တာယစ်ပ်အာဒိုဂန်က အောက်တိုဘာ ၂၃ ရက်တွင် ပြောကြား ခဲ့သည်။

‘’စမ်းသပ်မှုတွေ လုပ်နေတယ်ဆိုတာ အမှန်ပါပဲ။ စမ်းသပ်မှုတွေ လုပ် ခဲ့ပြီးဖြစ်သလို ဆက်ပြီးတော့လည်း လုပ်သွားမှာပါ’’ ဟု အာဒိုဂန်က သ တင်းထောက်များထံ ပြောကြားခဲ့သည်။ ရုရှားထံမှ S-400 ဒုံးကျည်များ ဝယ် ယူမှုသည် အမေရိကန်ပြည်ထောင်စုကို အကြီးအကျယ် ဒေါသဖြစ်စေခဲ့ပြီး နေတိုးမဟာမိတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကိုလည်း တင်းမာစေခဲ့ သည်။ လေကြောင်းကာကွယ်ရေးစနစ်များ တပ်ဆင်မှုကြောင့် အရေးယူ ပိတ်ဆို့မှုများ ခံရနိုင်ကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် ၎င်း၏ နိုင်ငံသည် ယခုကိစ္စကို ဆုံးဖြတ်ခဲ့ပြီးဖြစ်သော ကြောင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ သည်။ ‘’ခွင့်ပြုမိန့်ရဖို့အတွက် အမေရိကန်ပြည်ထောင်စုကို ကျွန်တော်တို့ တောင်းခံသွားမှာ မဟုတ်ပါဘူး’’ ဟု အာဒိုဂန်က ပြောကြားခဲ့သည်။

ဒုံးကျည်များစမ်းသပ်မှုအတွက် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ အပြန်အလှန်ဆက်ဆံရေးနှင့်ပတ်သက်ပြီး ပြင်းထန်သော အကျိုးဆက်များ ရင်ဆိုင်ရနိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အောက်တို ဘာ ၂၃ ရက်တွင် သတိပေး ထုတ်ပြန်ခဲ့သည်။ အေပီ