ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ သုံးရက်အတွင်း ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုမှု သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပြီး ဝန်ကြီးချုပ်နုတ်ထွက်ခြင်းမရှိသေးကြောင့် ဆန္ဒပြမှုများကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်းဆန္ဒပြခေါင်းဆောင်များက အောက်တိုဘာ ၂၅ ရက်တွင် ပြောဆိုခဲ့သည်။
ပရာယွတ်သည် တရားမဝင်အုပ်ချုပ်နေသောကြောင့် သုံးရက်အတွင်း နုတ်ထွက်ပေးရမည်ဖြစ်ကြောင်း ဆန္ဒပြသူများက အောက်တိုဘာ ၂၁ ရက်တွင် တောင်းဆိုခဲ့သည်။
ပရာယွတ်နုတ်ထွက်ပေးရန် နောက်ဆုံးအချိန်သည် အောက်တိုဘာ ၂၄ ရက် ည ၁၀ နာရီတွင် ကုန်ဆုံးခဲ့ပြီဖြစ်သည်။
အောက်တိုဘာ ၂၅ ရက်တွင် ဘန်ကောက်ရှိ လမ်းဆုံလမ်းခွများတွင် လူထောင်ပေါင်းများစွာဖြင့် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် ဂျတူပတ် ပိုင် ဘွန်ပတ္တရာရက်ဆာကပြောဆိုခဲ့သည်။
အောက်တိုဘာ ၂၅ ရက် ညနေ လေးနာရီမှစ၍ ပရာယွတ်အစိုးရကို ဆန့်ကျင်ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ပိုင်ကပြောဆိုခဲ့သည်။
ပရာယွတ်သည် ဆန္ဒပြသူများ၏တောင်းဆိုမှုကို အလေးထားခြင်းမရှိသေးဘဲ အောက်တိုဘာ ၂၄ ရက်တွင် ဘန်ကောက်ရှိ ဘာသာရေးအခမ်းအနားတစ်ခုကိုတက်ရောက်ခဲ့သည်။
ပြဿနာအားလုံးကို စေ့စပ်ညှိနှိုင်းခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဖြစ်ကြောင်း ပရာယွတ်ကပြောဆိုခဲ့သည်။
အစိုးရသည် ဥပဒေနှင့်ညီသော ပြဿနာများကို ဖြေရှင်းရန် စိတ်ရင်းအမှန်ရှိနေပြီး ၎င်းအနေဖြင့် ရာထူးမှနုတ်ထွက်မည်မဟုတ်ကြောင်း ပရာယွတ်က သတင်းထောက်များအား ပြောဆိုခဲ့သည်။
ဂျာမနီ၌ အနေများသည့် ထိုင်းဘုရင် မဟာဝဇီရလောင်ကွန်းသည် ထိုင်းနိုင်ငံသို့ ပြန်ရောက်နေသည်။
ထိုင်းနန်းတော်အပြင်ဘက်၌ တော်ဝင်မိသားစုကိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်နေမှုနှင့်ပတ်သက်၍ ဘုရင်သည် ချီးကျူးပြောဆိုခဲ့သည်။
အောက်တိုဘာ ၂၃ ရက်တွင် ဘုရင်သည် တော်ဝင်ဆိုင်ရာစည်းမျဉ်းများကို ချိုးဖောက်ပြီး ကံတော်ကုန်သွားပြီဖြစ်သည့် ဘုရင်ဘူမိဘော၏ဓာတ်ပုံကို ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးကို ရဲရင့်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။

















