တောင်ကိုရီးယားနည်းပညာကုမ္ပဏီ ဆမ်ဆောင်းကို ကမ္ဘာလုံးဆိုင်ရာနည်းပညာကုမ္ပဏီကြီးဖြစ်လာရေး ကြိုးပမ်းပေးခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌ လီကန်ဟီးသည် အောက်တိုဘာ ၂၅ ရက်တွင် အသက် ၇၈ နှစ်အရွယ်၌ ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း ဆမ်ဆောင်းကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
လီ၏ခေါင်းဆောင်မှုအောက်တွင် ဆမ်ဆောင်းသည် ကမ္ဘာပေါ်တွင် စမတ်ဖုန်းနှင့် မန်မိုရီချစ်ပ်အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်လာခဲ့သည်။
ကုမ္ပဏီ၏ ယနေ့အမြတ်ငွေသည် တောင်ကိုရီးယားနိုင်ငံဂျီဒီပီ၏ငါးပုံတစ်ပုံရှိနေသည်။
လီသည် သိုသိပ်စွာနေတတ်ပြီး ၂၀၁၄ ခုနှစ်မှစ၍ နှလုံးရောဂါဖြင့် အိပ်ရာထဲလဲနေခဲ့သည်။
လီနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိခဲ့သောကြောင့် သို့လောသို့လောပြောဆိုမှုများရှိခဲ့သည်။
ဆမ်ဆောင်းအီလက်ထရွန်နစ်လုပ်ငန်းစု၏ဥက္ကဋ္ဌ လီကန်ဟီး ကွယ်လွန်မှုကို ဝမ်းနည်းစွာထုတ်ပြန်လိုက်ရပါသည်ဟု ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဥက္ကဋ္ဌလီ ကွယ်လွန်ချိန်တွင် အနီးအနား၌ ဒုတိယဥက္ကဋ္ဌ လီ ဂျေး ယောင် အပါအဝင် မိသားစုဝင်များရှိနေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဆမ်ဆောင်းသည် တောင်ကိုရီးယားရှိ မိသားစုပိုင်စီးပွားရေးလုပ်ငန်းကြီး သို့မဟုတ် ချေဘိုးများအနက် အကြီးဆုံးလုပ်ငန်းဖြစ်သည်။
ယင်းလုပ်ငန်းကြီးများကြောင့် တောင်ကိုရီးယားသည် စစ်ဘေးဒဏ်ခံနိုင်ငံဘဝမှ ကမ္ဘာပေါ်တွင် ၁၂ ခုမြောက်အကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာခဲ့သည်။
ငါးနှင့်သစ်သီးပို့ကုန်လုပ်ငန်းအဖြစ်စတင်ခဲ့သည့် ဆမ်ဆောင်းကို လီသည် ၁၉၈၇ ခုနှစ်တွင် ဖခင်ဖြစ်သူထံမှ အမွေဆက်ခံခဲ့သည်။
လီ ဥက္ကဋ္ဌမဖြစ်မီက ဆမ်ဆောင်းသည် အီလက်ထရွန်နစ်ပစ္စည်းများမှ ဆောက်လုပ်ရေးလုပ်ငန်းများအထိ လုပ်ကိုင်ခဲ့သည်။
သို့သော် လီသည် နည်းပညာပစ္စည်းထုတ်လုပ်ရေးကို ဦးစားပေးပြီး ကမ္ဘာကျော်ကုန်ပစ္စည်းတံဆိပ်ဖြစ်လာရန် အားထုတ်ခဲ့သည်။
သားဖြစ်သူ လီ ဂျေး ယောင်သည် ၂၀၁၄ ခုနှစ်ကတည်းက ကုမ္ပဏီကို အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။

















