အာရှဒေသ၌ အောက်တိုဘာ ၂၄ ရက်အထိ COVID-19 ကူးစက်သူ ၁၀ သန်းကျော်ရှိနေပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် COVID-19 ဖြင့်သေဆုံးသူ ဒုတိယအများဆုံးဒေသအဖြစ်ရပ်တည်နေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏စာရင်းအင်းများအရသိရသည်။
လက်တင်အမေရိကပြီးနောက် ကူးစက်သူ ဒုတိယအများဆုံးဖြစ်သည့် အာရှသည် ကမ္ဘာတစ်ဝန်းရှိ COVID-19 ကူးစက်သူ ၄၂ ဒသမ ၁ သန်းအနက် လေးပုံတစ်ပုံရှိနေသည်။
အာရှ၌ COVID-19 ဖြင့်သေဆုံးသူ ၁၆၃၀၀၀ ရှိနေသောကြောင့် ကမ္ဘာတစ်ဝန်း COVID-19 ဖြင့်သေဆုံးသူများအနက် ၁၄ ရာခိုင်နှုန်းရှိနေသည်။
အာရှ၌ ကူးစက်သူများပြားနေသော်လည်း မကြာသေးမီရက်သတ္တပတ်များအတွင်း ကူးစက်မှုတားဆီးရေးတွင် တိုးတက်မှုများရှိလာခဲ့ကာ ဒေသတွင်း ကူးစက်သူအများဆုံးရှိနေသည့် အိန္ဒိယ၌ပင် ကူးစက်မှုနှုန်းလျော့ကျနေခဲ့သည်။
ဒေသအတွင်း၌ အိန္ဒိယဦးဆောင်သော တောင်အာရှသည် ကူးစက်ရောဂါဒဏ်ကို အပြင်းထန်ဆုံးခံနေရပြီး ကမ္ဘာတစ်ဝန်းကူးစက်သူဦးရေ၏ ၂၁ ရာခိုင်နှုန်းနှင့် သေဆုံးသူဦးရေ၏ ၁၂ ရာခိုင်နှုန်းရှိနေသည်။
အိန္ဒိယသည် အမေရိကန်ပြည်ထောင်စုပြီးနောက် ကူးစက်သူဒုတိယအများဆုံးနိုင်ငံဖြစ်သော်လည်း မကြာသေးမီရက်များအတွင်း တစ်ရက်လျှင် ကူးစက်သူသစ် ၅၇၀၀၀ ကျော်ခန့်အထိကျဆင်းသွားခဲ့ကာ လူ ၁၀၀၀၀ လျှင် ကူးစက်သူသစ် ၅၈ ဦးသာရှိနေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
အိန္ဒိယ၌ တစ်ရက်လျှင် COVID-19 ဖြင့်သေဆုံးသူသစ် ၇၆၄ ဦးရှိနေပြီး ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးရှိနေကာ ကမ္ဘာတစ်ဝန်း သေဆုံးသူ ၁၃ ဦးလျှင် တစ်ဦးရှိနေသည့် နိုင်ငံဖြစ်နေသည်။
အိန္ဒိယ၌ COVID-19 ကူးစက်သူ ၇ ဒသမ ၈ သန်းနှင့် သေဆုံးသူ ၁၁၈၀၀၀ ခန့် ရှိနေသည်။
အိန္ဒိယ၏အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၌ ကူးစက်သူ ၄၀၀၀၀၀ ခန့်ရှိနေသည်။
သို့သော် ဘင်္ဂလားဒေ့ရှ်၌ တစ်ရက်လျှင် ကူးစက်သူသစ် ၁၄၅၃ ဦးခန့်အထိ လျော့ကျသွားကာ ယင်းသည် ကူးစက်မှုအမြင့်ဆုံးရှိခဲ့သည့် ဇူလိုင်လရှိ ကူးစက်မှုနှုန်း၏ ၄၀ ရာခိုင်နှုန်းသာရှိနေသည်။

















