ကိုလံဘီယာနိုင်ငံ၌ အောက်တိုဘာ ၂၄ ရက်အထိ COVID-19 ကူးစက်သူ တစ်သန်းကျော်ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၂၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၈၇၆၉ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၁၀၀၇၇၁၁ ဦးရှိနေပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏စာရင်းအင်းများအရသိရသည်။
ကိုလံဘီယာ၌ COVID-19 ဖြင့်သေဆုံးသူ ၃၀၀၀၀ ခန့်ရှိနေပြီဖြစ်သည်။
လူဦးရေ သန်း ၅၀ ရှိသော ကိုလံဘီယာသည် အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဘရာဇီး၊ ရုရှား၊ အာဂျင်တီးနား၊ စပိန်နှင့် ပြင်သစ်တို့ပြီးနောက် ကူးစက်သူ တစ်သန်းကျော်သည့် အဌမမြောက်နိုင်ငံဖြစ်လာခဲ့သည်။
ကူးစက်သူ ၃၀၈၆၄၅ ဦးရှိသော မြို့တော် ဘိုဂိုတာ၌ နိုင်ငံတွင်း ကူးစက်သူစုစုပေါင်း၏ သုံးပုံတစ်ပုံရှိနေသည်။
တစ်ချိန်တည်းမှာပင် ဥရောပ၌ COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်နေသည့် နိုင်ငံအဖြစ် သတ်မှတ်ခံထားရသော ဂျာမနီ၌ COVID-19 ဖြင့်သေဆုံးသူ ၁၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သော စာရင်းအင်းများအရသိရသည်။
ဂျာမနီ၌ အောက်တိုဘာ ၂၄ ရက်အထိ COVID-19 ဖြင့်သေဆုံးသူ ၁၀၀၀၃ ဦးရှိနေပြီဖြစ်ကြောင်း အစိုးရဌာနဖြစ်သည့် ရောဘတ်ခိုးအင်စတီကျုကထုတ်ပြန်ခဲ့သည်။
ဂျာမနီ၌ COVID-19 ကူးစက်သူ ၄၁၈၀၀၅ ဦးရှိနေပြီဖြစ်သည်။
ဂျာမနီသည် အင်မတန်ကို စိုးရိမ်စရာကောင်းသည့် အခြေအနေနှင့် ကြုံနေရပြီဖြစ်သောကြောင့် နိုင်ငံသားများအနေဖြင့် ကျန်းမာရေးစည်းမျဉ်းများကို တိကျစွာလိုက်နာရန်လိုအပ်ကြောင်း အင်စတီကျုအကြီးအကဲ လိုသာ ဗီလာကပြောဆိုခဲ့သည်။

















