ဥရောပ၌ အောက်တိုဘာ ၂၄ ရက်အထိ COVID-19 ဖြင့် သေဆုံးသူ ၂၅၀၀၀၀ ကျော်ရှိခဲ့ပြီးနောက် လက်တင်အမေရိကဒေသပြီးလျှင် သေဆုံးသူဒုတိယအများဆုံးဒေသဖြစ်လာခဲ့ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းအင်းများအရ သိရသည်။
လွန်ခဲ့သော နှစ်ပတ်အတွင်း ဥရောပ၌ နေ့စဉ်ကူးစက်သူဦးရေ စံချိန်တင်ခဲ့ကြောင်း သိရသည်။ ဥရောပ၌ အောက်တိုဘာ ၂၂ ရက်တွင် တစ်ရက်အတွင်း ကူးစက်သူသစ် ၂၀၀၀၀၀ ဖြင့် စံချိန်တင်ခဲ့ပြီး ဥရောပတောင်ပိုင်းနိုင်ငံများ၌ ယခုအပတ်အတွင်း နေ့စဉ်ကူးစက်သူသစ် ဦးရေ စံချိန်တင်မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ဥရောပသည့် ကမ္ဘာတစ်ဝန်း COVID-19 ဖြင့် သေဆုံးသူစုစုပေါင်း၏ ၁၉ ရာခိုင်နှုန်းနှင့် ကူးစက်သူစုစုပေါင်း၏ ၂၂ ရာခိုင်နှုန်းရှိနေကြောင်း ရိုက်တာ၏ စာရင်းအင်းများအရ သိရသည်။
သေဆုံးသူပေါင်း ၂၅၀၀၀၀ ကျော်အနက် သုံးပုံနှစ်ပုံမှာ ဗြိတိန်၊ အီတလီ၊ ပြင်သစ်၊ ရုရှား၊ ဘယ်လ်ဂျီယံနှင့် စပိန်တို့မှ ဖြစ်ပြီး ဥရောပတွင် လက်ရှိအချိန်အထိ ကူးစက်သူ ၈ သန်း ရှိပြီဖြစ်ကြောင်း သိရသည်။
သေဆုံးသူဦးရေတွင် ဗြိတိန်က ၄၅၀၀၀ ဦးဖြင့် ဦးဆောင်လျက်ရှိပြီး အီတလီ၊ စပိန်၊ ပြင်သစ်နှင့် ရုရှားတို့က အစဉ်လိုက် ရပ်တည်နေကြသည်။
ကာကွယ်ဆေးတစ်မျိုးအတွက် အားကိုးစောင့်ဆိုင်းနေရန် မဖြစ်နိုင်တော့ဘဲ ကပ်ရောဂါကူးစက်မှု နှေးကွေးသွားစေရန်အတွက် အခြားသော ကန့်သတ် ပိတ်ပင်မှုများကို လုပ်ဆောင်ရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
လွန်ခဲ့သော ၇ ရက်အတွင်း တစ်ရက်ပျမ်းမျှသေဆုံးမှုအပေါ် အခြေခံ တွက်ချက်မှုအရ ရုရှား၌ တစ်ရက်လျှင် သေဆုံးသူ ၂၅၀ ခန့်ရှိပြီး ဥရောပတွင် တစ်ရက်ပျမ်းမျှသေဆုံးသူအများဆုံးရှိခဲ့ကာ ယင်းနောက်တွင် ဗြိတိန်နှင့် ပြင်သစ်တို့က ၁၄၃ ဦးစီဖြင့် ရပ်တည်ခဲ့ကြောင်း သိရသည်။
ပြင်သစ်သည် အောက်တိုဘာ ၂၃ ရက်နေ့တွင် ကမ္ဘာပေါ်၌ COVID-19 ကူးစက်သူ တစ်သန်းပြည့်မြောက်သည့် သတ္တမမြောက်နိုင်ငံ ဖြစ်လာခဲ့ သည်။

















