COVID-19 တုံ့ပြန်မှုနှင့် လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများ အထောက်အပံ့ ဖြစ်စေရန် မြန်မာနိုင်ငံအတွင်း ပြည်တွင်းလေကြောင်း ခရီးစဉ်များကို စတင် ပြေးဆွဲနေပြီ ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က သတင်းထုတ်ပြန်ထားသည်။
အစိုးရ၏ COVID-19 ကူးစက်ရောဂါ ထိန်းချုပ်မှုအရ ပြည်တွင်းစီးပွားဖြစ် လေကြောင်းခရီးစဉ်များကို စက်တင်ဘာမှ စတင်၍ ခေတ္တရပ်နားထားခြင်းကြောင့် WFP ၏ ပြည်တွင်းလေကြောင်း ခရီးစဉ်များကိုစတင်လိုက်ခြင်းဖြစ်ကာ အထူးသဖြင့် ရန်ကုန်မြို့နှင့် စစ်တွေမြို့အကြားဆက်သွယ်သည့် ကုန်လမ်း၊ ရေလမ်းများသည် လတ်တလော သွားလာရန် အလွန်ခက်ခဲသည့် အခြေအနေတွင် ရှိသောကြောင့် ဖြစ်သည်ဟုဖော်ပြထားသည်။
''လိုအပ်ချက်ရှိတဲ့ အပေါ်မှာ မူတည်ပြီး အခုလို ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲ သွားနိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်''ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr.Stephen Anderson က ပြောသည်။
WFP ၏ စီစဉ်မှုဖြင့် ကုလသမဂ္ဂ အထူးလေယာဉ် တစ်စင်းသည်ဆေးပစ္စည်း အထောက်အပံ့များနှင့် အကူအညီပေးရေး ဝန်ထမ်းများကိုတင်ဆောင်ကာ ရခိုင်ပြည်နယ်ရှိ COVID-19 တုန့်ပြန်မှုနှင့် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများကို ကူညီပံ့ပိုးနိုင်ရန် စတင် ပျံသန်းခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
WFP ၏ လေကြောင်း ခရီးစဉ်တွင် လိုက်ပါသူ ခရီးသည်များသည်ခရီးစဉ်မတိုင်မီ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ COVID-19 ဆေးစစ်မှုခံယူကြရပြီး၊ အစိုးရကချမှတ်ထားသော လေကြောင်း ခရီးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့် အသွားအလာကန့်သတ်မှု စည်းမျဉ်း၊ စည်းကမ်းများကို ခရီးစဉ်အတွင်းနှင့် ခရီးစဉ် ပြီးဆုံးချိန်တွင်အတိအကျ လိုက်နာ ကြရသည်ဟု WFP က ဆိုသည်။
WFP သည် မေလ အစောပိုင်းမှစတင်ကာ ရန်ကုန်၊ ဗီယန်ကျင်းနှင့်ကွာလာလမ်ပူ မြို့များကို ဆက်သွယ်သည့် အထူးလေကြောင်းခရီးစဉ်များကိုအပတ်စဉ်ပုံမှန် ပြေးဆွဲပေးလျက်ရှိပြီး မြန်မာနိုင်ငံအတွင်းသို့ ဆေးပစ္စည်း အထောက်အပံ့များနှင့် အကူအညီပေးရေး ဝန်ထမ်းများအားပုံမှန်သယ်ယူ ပို့ဆောင်ပေးလျက်ရှိသည်။
















