မလေးရှားဝန်ကြီးချုပ် နုတ်ထွက်ပေးရန်  တောင်းဆိုမှုများရှိနေ

မလေးရှားဝန်ကြီးချုပ် နုတ်ထွက်ပေးရန်  တောင်းဆိုမှုများရှိနေ

နိုင်ငံတွင်း COVID-19 တိုက်ဖျက်ရေးအတွက် အရေးပေါ်အခြေအနေထုတ်ပြန်လိုကြောင်း လျှောက်ထားမှုကို မလေးရှားဘုရင်က ပယ်ချခဲ့ပြီးနောက် မလေးရှားဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင် ရာထူးမှနုတ်ထွက်ပေးရန် အောက်တိုဘာ ၂၆ ရက်တွင် တောင်းဆိုမှုများရှိလာခဲ့သည်။

မူယစ်ဒင်သည် လွှတ်တော်အစည်းအဝေးများကို ရပ်ဆိုင်းရန် ဆန္ဒရှိသောကြောင့် အရေးပေါ်အခြေအနေထုတ်ပြန်ရန် လိုလားနေခြင်းဖြစ်ကြောင်း အတိုက်အခံများက ပြောဆိုခဲ့သည်။

မူယစ်ဒင်၏လျှောက်ထားမှုကို ဘုရင် အယ်လ်-ဆူလ်တန် အဗ္ဗဒူလာက ပယ်ချခဲ့ခြင်းကြောင့် မူယစ်ဒင်အပေါ် ဘုရင်၏ ထောက်ခံမှု နည်းပါးလာပြီဖြစ်ကြောင်း ယူဆမှုများရှိလာခဲ့သည်။

ကူးစက်ရောဂါတိုက်ဖျက်ရေးကို ထိရောက်စွာလုပ်ဆောင်နိုင်သည့် အစိုးရတစ်ရပ် တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်နေမှုများ ရပ်တန်းက ရပ်သင့်ကြောင်း ဘုရင်က နိုင်ငံရေးသမားများကို ပြောဆိုခဲ့သည်။

လွန်ခဲ့သောလတွင် အတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်က ၎င်းသည် အစိုးရဖွဲ့စည်းနိုင်ရန် လွှတ်တော်တွင်း အမတ်အများစု၏ထောက်ခံမှုကိုရရှိထားကြောင်း ပြောဆိုခဲ့ပြီးဖြစ်သည်။

မူယစ်ဒင်၏ညွန်ပေါင်းအစိုးရအဖွဲ့မှ အခြားပါတီခေါင်းဆောင်များသည် မူယစ်ဒင်၏ အရေးပေါ်အခြေအနေထုတ်ပြန်ရန် ကြိုးပမ်းမှုကို ဝေဖန်ပြီး မူယစ်ဒင် ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

မလေးရှားနိုင်ငံကို အကျပ်အတည်းတွေ့စေမည့် နိုင်ငံရေးကစားကွက်ကို ဘုရင်မင်းမြတ်က ခွင့်မပြုပေးခဲ့သည့်အတွက် ကျေးဇူးတင်မိကြောင်း ညွန့်ပေါင်းအဖွဲ့ရှိ အင်အားအကြီးဆုံးပါတီဖြစ်သည့် ညီညွတ်သော မလေးအမျိုးသားအဖွဲ့(UMNO) ၏ခေါင်းဆောင် အာမတ် ပူယက် ဇာကာရှီကပြောဆိုခဲ့သည်။

အများပြည်သူ ကျန်းမာချမ်းသာရေးသည် ပိုမိုအရေးပါသောကြောင့် မူယစ်ဒင် နုတ်ထွက်သင့်ကြောင်း အာမတ်ပါယက်ကပြောဆိုခဲ့သည်။

မူယစ်ဒင်၏ မကောင်းသည့် အဆိုပြုချက်ကို ဘုရင်က ပယ်ချလိုက်ပြီဖြစ်ပြီး ဝန်ကြီးချုပ် နုတ်ထွက်လျှင် နုတ်ထွက် မဟုတ်ပါက အရေးပေါ်အခြေအနေထုတ်ပြန်ရန် အဆိုပြုခဲ့သည့် ဝန်ကြီးများ နုတ်ထွက်သင့်ကြောင်း အတိုက်အခံအမတ် ဝေါင်ချန်းကပြောဆိုခဲ့သည်။

လက်ရှိအစိုးရ ဆက်လက်အုပ်ချုပ်သည်ကို ဘုရင်က လိုလားနေပုံရပြီး နိုင်ငံရေးအပြောင်းအလဲဖော်ဆောင်မှုရှိလာမည်မဟုတ်ကြောင်း မလေးရှားနိုင်ငံရေးလေ့လာသူ ရှက်ဇ်ဝန် မူစတာဖာ ကာမယ်ကပြောဆိုခဲ့သည်။