နိုင်ငံသားများ တုပ်ကွေးကာကွယ်ဆေးထိုးနှံကြရန် တောင်ကိုရီးယားအစိုးရ တိုက်တွန်း

နိုင်ငံသားများ တုပ်ကွေးကာကွယ်ဆေးထိုးနှံကြရန် တောင်ကိုရီးယားအစိုးရ တိုက်တွန်း

COVID-19 ဖြစ်ပွားမှုနှင့် တုပ်ကွေးဖြစ်ပွားမှုတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဝန်ပိမည်ကို စိုးရိမ်သည့်အတွက် နိုင်ငံသားများအနေဖြင့် တုပ်ကွေးကာကွယ်ဆေးထိုးနှံရန်လိုအပ်ကြောင်း တောင်ကိုရီးယားအစိုးရက အောက်တိုဘာ ၂၆ ရက်တွင် တိုက်တွန်းခဲ့သည်။

တောင်ကိုရီးယား၌ လွန်ခဲ့သောလတွင် သင့်လျော်သော အပူချိန်၌ ထားရှိခြင်းမရှိသည့်အတွက် တုပ်ကွေးကာကွယ်ဆေးတစ်ကြိမ်ထိုးပမာဏ ငါးသန်းကို စွန့်ပစ်ခဲ့ရပြီး ယခုလတွင်လည်း တုပ်ကွေးကာကွယ်ဆေးထိုးနှံပြီးနောက် လူ ၄၈ ဦးသေဆုံးခဲ့သည့်အတွက် တုပ်ကွေးကာကွယ်ဆေးနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသည်။

တုပ်ကွေးကာကွယ်ဆေးနှင့် သေဆုံးသူများကြား ဆက်စပ်မှုမရှိသဖြင့် အများပြည်သူအနေဖြင့် စိုးရိမ်ခြင်းမရှိဘဲ ထိုးနှံရန်လိုအပ်ကြောင်း အစိုးရကပြောဆိုခဲ့သည်။

တောင်ကိုရီးယား၌ တစ်နှစ်လျှင် တုပ်ကွေးဖြင့် လူ ၃၀၀၀ ခန့် သေဆုံးနေသည်။

တုပ်ကွေးကာကွယ်ဆေးသည် ဆိုးကျိုးထက် ကောင်းကျိုးက ပိုမိုများပြားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ပြည်တွင်း ဆေးပညာကျွမ်းကျင်သူများက အတည်ပြုထားပြီးဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီး ပါ့ခ်နွန်-ဟိုက အောက်တိုဘာ ၂၅ ရက်တွင် ပြောဆိုခဲ့သည်။

ယမန်နှစ်တွင် တုပ်ကွေးကာကွယ်ဆေးထိုးနှံပြီးနောက် ခုနစ်ရက်အတွင်း သက်ကြီးရွယ်အို ၁၅၀၀ ကျော်သေဆုံးခဲ့သော်လည်း ယင်းတို့သည် ကာကွယ်ဆေးနှင့်ဆက်စပ်မှုမရှိကြောင်း အစိုးရကပြောဆိုခဲ့သည်။

တောင်ကိုရီးယားအစိုးရက အများပြည်သူအား ကာကွယ်ဆေးထိုးနှံရန် တိုက်တွန်းနေသော်လည်း စင်ကာပူအစိုးရကမူ တုပ်ကွေးကာကွယ်ဆေးနှစ်မျိုး အသုံးပြုမှုကို ယာယီရပ်ဆိုင်းထားရန် ယခုအပတ်တွင် ဆုံးဖြတ်ခဲ့သည်။

တောင်ကိုရီးယား၌ တုပ်ကွေးကာကွယ်ဆေးထိုးနှံမှုစတင်ခဲ့သည့် စက်တင်ဘာမှစ၍ လူ ၉ ဒသမ ၄ သန်းကျော်ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကာ ဘေးထွက်ဆိုးကျိုးခံစားရသူ ၁၁၅၄ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏စာရင်းအင်းများအရသိရသည်။