သြစတြေးလျနိုင်ငံရှိ COVID-19 ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဗစ်တိုးရီးယားပြည်နယ်၌ အောက်တိုဘာ ၂၆ ရက်အထိ ၂၄ နာရီအတွင်း COVID-19 ကူးစက်သူသစ်လုံးဝမရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ပြည်နယ်မြို့တော်ဖြစ်သည့် မဲလ်ဘုန်းမြို့ မြောက်ဘက်ရှိ ရပ်ကွက်တစ်ခု၌ ကူးစက်မှုရှိနေသေးသောကြောင့် မဲလ်ဘုန်းမြို့ လူဝင်လူထွက်ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းဦးမည်မဟုတ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဒယ်နီယယ် အန်ဒရူးစ်ကပြောဆိုခဲ့သည်။
ယင်းရပ်ကွက်ရှိ လူ ၁၅၀၀၀ ခန့်အား COVID-19 ရှိမရှိစစ်ဆေးခဲ့ရာ ကူးစက်ခံထားရခြင်းမရှိကြောင်း ရလဒ်ထွက်ခဲ့သည်ဟု အစိုးရအရာရှိများကပြောဆိုခဲ့သည်။
မဲလ်ဘုန်း၌ ဇူလိုင်တွင် ချမှတ်ခဲ့သည့် ကူးသန်းသွားလာမှုပိတ်ပင်ချက်ကို ရုပ်သိမ်းပေးရန် အန်ဒရူးစ်အား ဖိအားပေးမှုများရှိနေသည်။
မဲလ်ဘုန်းမြို့၌ ပိတ်ပင်ချက်ချမှတ်ထားသောကြောင့် စီးပွားရေးပြန်လည်ဦးမော့ရန် နှောင့်နှေးနေပြီဖြစ်ကြောင်း ပြည်ထောင်စုအစိုးရနှင့် စီးပွားရေးလုပ်ငန်းများကပြောဆိုခဲ့သည်။
ဇွန်လအထိ သုံးလအတွင်း သြစတြေးလျ၏စီးပွားရေးသည် ခုနစ်ရာခိုင်နှုန်းကျုံ့သွားခဲ့သည်။ ဇူလိုင်တွင် အလုပ်အကိုင်မဲ့မှုနှုန်းသည် ၇ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ၂၂ နှစ်အတွင်း အများဆုံးရှိခဲ့သည်။
သြစတြေးလျ၌ COVID-19 ကူးစက်သူ ၂၇၅၀၀ ကျော်ရှိနေသည်။ တစ်နိုင်ငံအလုံးအတိုင်းအတာအားဖြင့် သေဆုံးသူ ၉၀၅ ဦးအနက် ရာခိုင်နှုန်း ၉၀ ကျော်သည် ဗစ်တိုးရီးယားပြည်နယ်၌ ရှိနေသည်။
ဗစ်တိုးရီးယား၌ အောက်တိုဘာ ၂၆ ရက်တွင် COVID-19 ဖြင့်သေဆုံးသူသစ်မရှိခဲ့ချေ။

















