ကျောက်တန်းမြို့တွင် အမှတ်(၇)လုံခြုံ ရေးရဲတပ်ဖွဲ့ခွဲ နေအိမ်လိုင်းခန်းတွင် ရဲအုပ်ဇနီးမောင်နှံစကားများစဉ် ဇနီးဖြစ်သူ ဓားဖြင့်ထိုးရာက ခင်ပွန်းသေဆုံးခဲ့မှု ကိုဖမ်းဆီးအရေးယူ ထားကြောင်း အောက်တိုဘာ ၂၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
အောက်တို့ဘာလ ၂၅ ရက်နေ့ ည ၈ နာရီ ၅၀မိနစ်အချိန်ခန့်တွင် အမှတ်(၇)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ အရာခံအကြပ်ကြီးလိုင်းအမှတ်(၂)တွင်နေထိုင်သည့် ရဲအုပ်ဟန်လင်းစိုးတပ်ခွဲ(၃)ဒုခွဲမှူးနှင့် ၎င်း၏ ဇနီးဖြစ်သူဒေါ်အေငြိမ်းသာ တို့လင်မယားချင်းစကားများရန်ဖြစ်ခဲ့သည်။
ထိုသို့စကားများစဉ် ရဲအုပ်ဟန်လင်းစိုးက အိပ်ခန်းအတွင်းရှိ အရိုး ၆ လက်မ အသွား ၆ လက်မခန့်ခန့် ရှိဓားဦးချွန်တစ်ချောင်းကိုယူ၍ ဇနီးဒေါ်အေးငြိမ်းသာ ကိုထိုးရန် ပြုလုပ်စဉ် ဇနီးကအဆိုပါဓားကိုပြန်လုယူ၍ထိုးရာက ရဲအုပ်ဟန်လင်းစိုးတွင် ဝဲဘက်နံရိုးကြားသို့ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိခဲ့သည်။
ဒဏ်ရာရရှိသူကို ကျောက်တန်းမြို့ပြည်သူ့ဆေးရုံသို့တင်ပို့ကုသစဉ် ည ၉ နာရီခွဲတွင်သေဆုံး ခဲ့သောကြောင့်ခင်ပွန်းဖြစ်သူ ရဲအုပ်ဟန်းလင်းစိုးကိုဓားနှင့်ထိုးသူဇနီး ဒေါ်အေးငြိမ်းသာ (၃၅)နှစ်ကိုအရေးယူပေးပါရန်အမှတ်(၇)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှတာဝန်မှူးဒုရဲအုပ်မင်းအောင်ကတိုင်ကြားခဲ့သည်။
ကျောက်တန်းမြို့မရဲစခန်းမှ(ပ)၁၁၉၇/၂၀၂၀၊ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၀၂ အရအမှုဖွင့် ဖမ်းဆီးအရေး ယူထားသည်။

















