COVID-19 ကူးစက်ရောဂါကြောင့် တစ်ပတ်ကြာပိတ်ထားခဲ့သောမြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားကြီးအား အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
''ထိုင်းဘက် နယ်ခြားကော်မတီကနေပြီး မြန်မာဘက် မြဝတီမြို့နယ်၊နယ်ခြားကော်မတီကို ဒီနေ့မှာ ကုန်စည်စီးဆင်းမှုကို အရင်လိုပြန်စတင်ဖို့အတွက် တံတားကြီးကို ပြန်လည်ဖွင့်လှစ်ဖို့ အကြောင်းကြားလာပါတယ်။ဒါကို ကျွန်တော်တို့က သက်ဆိုင်ရာကိုတင်ပြခဲ့ပြီး သက်ဆိုင်ရာကလည်း ခွင့်ပြုတဲ့အတွက် အမှတ်(၂)တံတားကြီးကို ဒီနေ့ (အောက်တိုဘာ ၂၆ ရက်)နံနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်''ဟု အမှတ်(၂)တံတားကြီးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါအမှတ်(၂)တံတားကြီးကိုပြန်လည်ဖွင့်လှစ်သော်လည်းထိုင်းကုန်တင်ကားများအား မြဝတီမြို့တွင်းသို့ ဝင်ခွင့်မပြုဘဲ တံတားကြီး၏ BCF ဇုန်၌သာ ကုန်ပစ္စည်းချိန်းပြောင်းသယ်ဆောင်ရမည်ဖြစ်သလို မြန်မာဘက်မှ ကုန်တင်ယာဉ်များသည်လည်းမဲဆောက်ထိဝင်ခွင့်မရဘဲ ထိုင်းဘက်ခြမ်း တံတားကြီး၏ BCF ဇုန်ထိသာဝင်ရောက်၍ ကုန်ပစ္စည်းချိန်းပြောင်းတင်ဆောင်ခွင့်ရမည်ဖြစ်သည်။
အမှတ်(၂)တံတား ပြန်လည်ဖွင့်လှစ်သော်လည်း ထိုင်းဘက်မှ မြန်မာယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်ရောဂါရှိ၊မရှိ အခမဲ့စစ်ဆေးပေးမည်ဖြစ်ပြီး Negative ဖြစ်မှသာ ဝင်ခွင့်ရရှိမည်ဖြစ်ကြောင်းနှင့် Negative ဖြစ်သူအား အင်္ကျီအနီရောင်ကိုဝတ်ဆင်စေကာ Negative ဖြစ်သူအဖြစ် သတ်မှတ်မည်ဟု သိရသည်။ဆိုလိုသည်မှာ မြန်မာဘက်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအားအနီရာင်အင်္ကျီ ဝတ်ဆင်ထားစေပြီးကိုဗစ်ရောဂါကင်းစင်သူအဖြစ် သတ်မှတ်ကာ ထိုင်းဘက်သို့ ဝင်ရောက်ရမည့်သဘောဖြစ်သည်။
''အမှတ်(၂)တံတားကြီး ပြန်ဖွင့်လိုက်တော့ ကုန်ဈေးနှုန်းတွေ ပြန်ကျသွားတယ်၊ တံတားပိတ်ထားစဉ်ကဘိလပ်မြေတစ်အိတ်ကို ကျပ် ၉၇ဝဝအထိဈေးမြင့်တက်ခဲ့တယ်၊ မြဝတီမြို့က ထိုင်းကုန်ပစ္စည်းတွေကို အဓိကအားထားနေရတာလေ။ အခုတံတားပြန်ဖွင့်လိုက်လို့ ကုန်ဈေးနှုန်းတွေပြန်လည်ကျဆင်းသွားတာကြောင့် ဝမ်းသာမိပါတယ်''ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

















