မြန်မာ့ခရီးသွားဘဏ်နှင့် မြန်မာနိုင်ငံ GTI ကျောင်းသားဟောင်းများအသင်းတို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအား အောက်တိုဘာ ၂၇ ရက် နံနက် ၁ဝ နာရီက ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့ခရီးဘဏ်ရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအား မြန်မာ့ခရီးသွားဘဏ် ဥက္ကဌ ဦးရန်ဝင်းနှင့် မြန်မာနိုင်ငံ GTI ကျောင်းသားဟောင်းများအသင်းဥက္ကဌ ဦးငြိမ်းအောင်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
''နိုင်ငံတော်မှာလုပ်နေတဲ့ အင်ဂျင်နီယာကြီးတွေ၊ ကုမ္ပဏီပိုင်ရှင်တွေကိုဘဏ္ဍာရေးအထောက်အပံ့ပေးဖို့ အခုလိုချုပ်ဆိုတာပါ။ ဘဏ်တွေရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း အာမခံရှိရင်ပေး၊ အာမခံမရှိခဲ့ရင် Granter ပေးပေါ့။ဘဏ်စည်းမျည်းစည်းကမ်းတွေကိုကျော်လွန်ပြီး လုပ်ဆောင်လို့တော့ မရပါဘူး။ပြည်သူတွေရဲ့ပိုက်ဆံ ကျွန်တော်တို့ဆီမှာ အပ်ထားတာကြောင့်ပါ'' ဟု မြန်မာ့ခရီးသွားဘဏ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးခင်ဖေဦးက ပြောသည်၊၊
အဆိုပါနားလည်မှုစာချွန်လွှာချုပ်ဆိုရခြင်းမှာ မြန်မာ့ခရီးသွားဘဏ်သည်နိုင်ငံတော်၏ဘဏ္ဍာရေးကိစ္စများဖြစ်သည့် ငွေရေးကြေးရေးကိစ္စရပ်များတွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များနှင့်အညီ ပါဝင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီးအထူးသဖြင့် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများတည်ဆောက်ရာတွင်ပါဝင်ကူညီရန် တင်ဒါစီမံကိန်းချေးငွေများ ထုတ်ချေး၍ လမ်းတံတားများ၊အစိုးရဌာနအဆောက်အအုံများ အစရှိသည့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့၌ ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ဂျီတီအိုင် ကျောင်းသားဟောင်းများအသင်းအနေဖြင့် အသင်းဝင်များသည် ကုမ္ပဏီလုပ်ငန်းများအား တင်ဒါခေါ်ယူ၍ တည်ဆောက်လျက်ရှိသည့် နိုင်ငံတော်၏အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် ပါဝင်ပြီး မြန်မာ့ခရီးသွားဘဏ်နှင့်မြန်မာနိုင်ငံ Granter ကျောင်းသားဟောင်းများအသင်းတို့၏ပူးပေါင်းချုပ်ဆိုသော ''နားလည်မှုစာချွန်လွှာ'' ပါအချက်များဖြင့် အသင်းဝင်များ၏လုပ်ငန်းများ အချိန်မီပြီးစီးရေးတွင် လိုအပ်သည့်ဘဏ္ဍာရေးငွေများကူညီပံ့ပိုးခြင်း၊ ချေးငွေထုတ်ယူခြင်းတို့အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ရည်ရွယ်၍ ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

















