နုတ်ထွက်မည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြော

နုတ်ထွက်မည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြော

ထိုင်းနိုင်ငံရှိ ဆန္ဒပြမှုများနှင့်ပတ်သက်၍ လွှတ်တော်အထူးအစည်းအဝေးပြုလုပ်နေချိန်တွင် အတိုက်အခံပါတီများက ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သော်လည်း ပရာယွတ် ချန်အိုချာက ၎င်းအနေဖြင့် နုတ်ထွက်မည်မဟုတ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် တုံ့ပြန်ပြောဆိုခဲ့သည်။

ပြဿနာများမှ ရှောင်ပြေးမည်မဟုတ်ကြောင်း၊ နိုင်ငံတွင်း ပြဿနာများရှိနေချိန်တွင် နုတ်ထွက်ပြီး တာဝန်များကို လျစ်လျူရှုမည်မဟုတ်ကြောင်း စစ်တပ်ခေါင်းဆောင်ဟောင်း ပရာယွတ်က လွှတ်တော်တွင်း ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ၌ ဇူလိုင်လလယ်မှစ၍ လူထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်၍ ပရာယွတ်ချန်အိုချာ နုတ်ထွက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲပေးကာ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲပေးရန် တောင်းဆိုခဲ့ကြသည်။

ပရာယွတ်အနေဖြင့် ဘုရင်စနစ်ကိုကာကွယ်ပြီး နောက်ကွယ်တွင် ပုန်းအောင်းနေမှုကိုရပ်တန်းကရပ်ကာ နိုင်ငံအကျိုးအတွက် ရာထူးမှနုတ်ထွက်ပေးရမည်ဖြစ်ကြောင်း အတိုက်အခံအမတ်များက တောင်းဆိုခဲ့သည်။

၂၀၁၄ ခုနှစ် အာဏာသိမ်းခေါင်းဆောင်ဖြစ်သည့် ပရာယွတ်သည် အာဏာဆက်လက် ချုပ်ကိုင်နိုင်ရေးအတွက် ယမန်နှစ်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ မသမာမှုများ ကျူးလွန်ခဲ့ကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။

ယမန်နှစ် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတခဲ့ကြောင်း ပရာယွတ်က တုံ့ပြန်ထားသည်။

ပရာယွတ်က ပြဿနာများကို လေ့လာရန် ကော်မတီခန့်အပ်မည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း ဆန္ဒပြသူများ၌ ခေါင်းဆောင်မရှိဘဲ အားလုံးခေါင်းဆောင်ဖြစ်သောကြောင့် မည်ကဲ့သို့ ဆွေးနွေးရမည်ကို မသိရကြောင်း ပြောဆိုခဲ့သည်။