ဟောင်ကောင်အရေးလှုပ်ရှားသူ ဆယ်ကျော်သက်တစ်ဦး ပြည်မကြီးမှ ခွဲထွက်ရန်လှုံ့ဆော်မှုဖြင့် တရားစွဲခံရ

ဟောင်ကောင်အရေးလှုပ်ရှားသူ ဆယ်ကျော်သက်တစ်ဦး ပြည်မကြီးမှ ခွဲထွက်ရန်လှုံ့ဆော်မှုဖြင့် တရားစွဲခံရ

ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသူ ဆယ်ကျော်သက် တိုနီ ချွန်းသည် တရုတ်ပြည်မကြီးမှ ဟောင်ကောင်ကို ခွဲထုတ်ရန် လှုံ့ဆော်မှုဖြင့် အောက်တိုဘာ ၂၉ ရက်တွင် တရားစွဲဆိုခံခဲ့ရပြီး ယင်းသည် နာမည်ကျော်နိုင်ငံရေးလှုပ်ရှားသူတစ်ဦး တရုတ်အစိုးရ အတည်ပြုထားသည့် အမျိုးသားလုံခြုံရေးဥပဒေဖြင့် ပထမဆုံးအကြိမ်တရားစွဲဆိုခံရမှုလည်းဖြစ်ခဲ့သည်။

အသက် ၁၉ နှစ်အရွယ် တိုနီ ချွန်းကို ပြည်မကြီးမှ ခွဲထုတ်ရန် လှုံ့ဆော်မှု၊ ငွေမည်းခဝါချမှု၊ နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာအကြောင်းအရာများပါဝင်သည့် စာရွက်စာတမ်းများ ပုံနှိပ်ဖြန့်ချိရာတွင် ကြံရာပါမှုတို့ဖြင့် အောက်တိုဘာ ၂၉ ရက်တွင် ရုံးထုတ်ခဲ့သည်။

ချွန်းသည် အမေရိကန်ကောင်စစ်ဝန်ရုံးနှင့် မျက်နှာချင်းဆိုင်ရှိ ကော်ဖီဆိုင်တစ်ဆိုင်၌ လွန်ခဲ့သော နှစ်ရက်တွင် အဖမ်းခံခဲ့ရသည်။

ချွန်းနှင့် အခြားအဖွဲ့ဝင်နှစ်ဦးတို့ အောက်တိုဘာ ၂၇ ရက်တွင် အဖမ်းခံခဲ့ရကြောင်း လုံခြံုရေးဥပဒေအတည်ပြုမီက ချွန်းပါဝင်ပတ်သက်ခဲ့သည့် Student Localism အဖွဲ့ကထုတ်ပြန်ခဲ့သည်။ တရုတ်အစိုးရက လုံခြုံရေးဥပဒေကိုအတည်ပြုခဲ့သည့် ဇွန်အကုန်ပိုင်းတွင် ယင်းအဖွဲ့သည် ဟောင်ကောင်အဖွဲ့ခွဲကိုဖျက်သိမ်းပြီး နိုင်ငံတကာမှသာ ဆက်လက်လှုပ်ရှားခဲ့သည်။

ဥပဒေအရ ပြည်မကြီးမှ ဟောင်ကောင်ခွဲထွက်ရန် ကြိုးပမ်းမှု၊ ခွဲထွက်ရေးအတွက် လှုံ့ဆော်မှုများကို ရာဇဝတ်မှုများအဖြစ်သတ်မှတ်ထားသည်။

ချွန်းအပါအဝင် သုံးဦးသည် ဇူလိုင်အကုန်ပိုင်းတွင် တစ်ကြိမ်အဖမ်းခံခဲ့ရပြီးဖြစ်သော်လည်း ယင်းအချိန်က အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။