ဗီယက်နမ်နိုင်ငံ၌ အောက်တိုဘာ ၂၇ ရက်တွင် တိုင်ဖွန်းမုန်တိုင်း မိုလာ့ဗ်ဝင်ရောက်တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံပြီး မြေပြိုမှုများကြောင့် လူ ၁၃ ဦးနှင့် ပင်လယ်ပြင်၌ ငါးဖမ်းသမား ၁၂ ဦး စုစုပေါင်း လူ ၂၅ ဦးခန့်သေဆုံးခဲ့ပြီးဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၂၉ ရက်တွင်ဖော်ပြခဲ့သည်။
နိုင်ငံအလယ်ပိုင်း ကွမ်နမ်ခရိုင်၌ မြေပြိုမှုများကြောင့် လူ ၁၃ ဦးသေဆုံးခဲ့ပြီး ၄၀ ခန့်ပျောက်ဆုံးနေဆဲဖြစ်ကာ မုန်တိုင်းနောက်ဆက်တွဲရာသီဥတုဆိုးရွားမှုများကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အခက်တွေ့နေရသည်။
မုန်တိုင်းဝင်ရောက်တိုက်ခတ်မည့် လမ်းကြောင်းနှင့် မိုးရေချိန်မည်မျှရှိမည်ကို ခန့်မှန်းနိုင်သော်လည်း မည်သည့်နေရာ၌ မြေပြိုမည်ကိုမူ မခန့်မှန်းနိုင်ကြောင်း ဒုတိယဝန်ကြီးချုပ် ထရမ် ဒင် ဒွန်က ထုတ်ပြန်ပြောဆိုခဲ့သည်။
ကွမ်နမ်ခရိုင်၌ လမ်းများပေါ်တွင် ရွှံ့ညွံံများဖြင့် ပြည့်နေပြီး မိုးသည်းနေဆဲဖြစ်သော်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်နားထား၍ မရကြောင်း ဒွန်ကပြောဆိုခဲ့သည်။
အောက်တိုဘာ ၂၉ ရက်တွင် ငါးဖမ်သမား ၁၂ ဦးတို့၏ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံကဖော်ပြခဲ့သည်။
ငါးဖမ်းသမားများကို ရေတပ်သင်္ဘောနှစ်စင်းဖြင့် ရှာဖွေခဲ့ခြင်းဖြစ်ပြီး ငါးဖမ်းသမား ၁၄ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာအစောပိုင်းမှစ၍ ဗီယက်နမ်၌ မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများရှိခဲ့ကာ လူတစ်သန်းကျော် ထိခိုက်နစ်နာခဲ့ရသည်။
တိုင်ဖွန်းမုန်တိုင်း မိုလာ့ဗ်ကြောင့် လူသန်းပေါင်းများစွာသည် လျှပ်စစ်ဓာတ်အားမရရှိဘဲနေထိုင်ခဲ့ရပြီး နေအိမ်အလုံး ၅၆၀၀၀ ခန့် ထိခိုက်ပျက်စီးခဲ့သည်။
မုန်တိုင်းသည် ဗီယက်နမ်သို့ ဝင်ရောက်တိုက်ခတ်ပြီးနောက် အပူပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ်ပြောင်းလဲသွားကာ လာအိုနိုင်ငံဘက်သို့ ဦးတည်သွားနေပြီဖြစ်သည်။
ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၌ အောက်တိုဘာ ၃၁ ရက်အထိ မိုးသည်းထန်စွာရွာသွန်းဦးမည်ဖြစ်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

















