မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆေးပညာရှင်များပါဝင်သည့်အဖွဲ့(Team)တစ်ဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းသွားရန် ညှိနှိုင်းလျက်ရှိပြီးအတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်သူများအသုံးပြုရန် Facility Quarantine Center များကို ထပ်မံစီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့ ဖွဲ့စည်းနိုင်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအုပ်ကြီးများ၊ ဆေးပညာရှင်များ၊ ဆရာဝန်များ၊ ပုဂ္ဂလိကဆေးရုံများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)တို့နှင့်တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ ကိုဗစ်ရောဂါကူးစက်ခံရသူများကို လျင်မြန်စွာကုသနိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး တာဝန်ယူထားသည့်အပိုင်းအလိုက် ချိတ်ဆက်ဆောင်ရွက်ကြမည် ဖြစ်သည်။
''မန္တလေးမှ ာTechnical Support Team က ရှိနှင့်ပြီးဖြစ်ပေမယ့် အခုအချိန်မှာ လုံလောက်မှုမရှိတဲ့အတွက်သီးခြား Team တစ်ခု အမြန်ဆုံးဖွဲ့စည်းဖို့ လိုအပ်လာတာဖြစ်ပါတယ်။မန္တလေးအနေနဲ့ အစောပိုင်းတုန်းကကိုဗစ်ဖြစ်ပွားမှု နည်းပေမယ့် နောက်ပိုင်းမှာ တရိပ်ရိပ်မြင့်တက်လာနေသလိုကိုဗစ်ဖြစ်ပွားမှုများတဲ့ ဒေသတွေဆီကနေလာတဲ့သူတွေကို မြို့ဝင်ဂိတ်တွေမှာစစ်ဆေးပြီးတော့ Facility Quarantine ဝင်ဖို့ ဆောင်ရွက်နေပါတယ်။တိုင်းဒေသကြီးအတွင်းကို ဝင်ရောက်လာတဲ့ ပြည်ပပြန်တွေအတွက်လည်း Quarantine အဆင်ပြေပြေ ဝင်နိုင်အောင် စီစဉ်ပေးလျက်ရှိရာမှာ စားရေးသောက်ရေးနဲ့ ဗော်လန်တီယာအဖွဲ့ကအစ အကူအညီပေးနေတာပါ။ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ အတိုင်းသာ အတိအကျလိုက်နာမယ်ဆိုရင်ထိန်းချုပ်ကာလက မြန်မြန်ပြီးဆုံးသွားမှာဖြစ်ပါတယ်'' ဟု မန္တလေး တိုင်းအစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ကိုဗစ်သတင်းမှန်ပြန်ကြား ရေးကော်မတီဥက္ကဌ ဦးစိုင်းပန်းဆိုင်က ပြောကြားသည်။
မန္တလေးမြို့တွင် အလှူရှင်များ၏ပါဝင်လှူဒါန်းမှုဖြင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာနကို ကိုဗစ်ကာလအစမှာပင် တည်ထောင်နိုင်ခဲ့၍ မန္တလေးတိုင်းဒေသကြီးအတွင်း၌သာမကပဲ စစ်ကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှ Swab နမူနာများကိုပါလက်ခံကာ ကိုဗစ်ပိုးရှိမရှိကို အတည်ပြုစစ်ဆေးထုတ်ပြန်ပေးလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းအောက်တိုဘာ ၂၈ ရက်ညပိုင်းအထိကိုဗစ်အတည်ပြုလူနာ ၁၆၂၁ ဦးရှိပြီးယင်းတို့အနက် ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းသွားသူ စုစုပေါင်း ၁ဝ၄ဝ ဦးရှိ၍ သေဆုံးသူကိုဗစ်လူနာရှစ်ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
















