ကက်ရှ်မီးယား၌ အိန္ဒိယအာဏာရပါတီမှ နိုင်ငံရေးသမားသုံးဦး ပစ်သတ်ခံရ

ကက်ရှ်မီးယား၌ အိန္ဒိယအာဏာရပါတီမှ နိုင်ငံရေးသမားသုံးဦး ပစ်သတ်ခံရ

ဆရီနာဂါ အောက်တိုဘာ ၃၀ - ကက်ရှ်မီးယားဒေသ အိန္ဒိယအုပ်ချုပ်မှုအခြမ်း၌ အောက်တိုဘာ ၂၉ ရက်တွင် အာဏာရပါတီမှ နိုင်ငံရေးသမားသုံးဦး ပစ်သတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့သည်။

ကူလ်ဂမ်စီရင်စု၌ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၏ ဗရာတီယ ဇနတပါတီ(BJP) မှ နိုင်ငံရေးသမားသုံးဦးအား စစ်သွေးကြွများက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။

သေဆုံးသူများသည် BJP လူငယ်အဖွဲ့ခွဲမှဖြစ်ပြီး တစ်ဦးသည် ကူလ်ဂမ်စီရင်စုပါတီအတွင်းရေးမှူးဖြစ်ကြောင်း BJP က အတည်ပြုထားသည်။ ယခုလုပ်ရပ်သည် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်လုပ်ရပ်သာဖြစ်ပြီး တာဝန်ရှိသူများအပေါ် သက်ညှာမည်မဟုတ်ကြောင်း ပါတီက ရှုတ်ချထားသည်။

အစိုးရတပ်များသည် တိုက်ခိုက်သူများကို စီးနင်းရှာဖွေနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ မည်သည့်သူပုန်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ခြင်းမရှိသေးချေ။

ကက်ရှ်မီးယားကို အိန္ဒိယနှင့် ပါကစ္စတန်တို့က ပိုင်းခြားအုပ်ချုပ်နေခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ အိန္ဒိယအုပ်ချုပ်မှုကို သူပုန်များက ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ ကက်ရှ်မီးယားဒေသ အိန္ဒိယအုပ်ချုပ်မှုအခြမ်းကို ပါကစ္စတန်လက်ထဲသို့ လွဲှပြောင်းပေးလျှင်ပေး၊ မပေးပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးရန် ကက်ရှ်မီးယားရှိ မွတ်စ်လင်အများစုက လိုလားနေကြသည်။

အိန္ဒိယနိုင်ငံသားများ ကက်ရှ်မီးယား၌ မြေဝယ်ခွင့်ပြုသည့် ဥပဒေကို အတည်ပြုပြီးနောက် နှစ်ရက်အကြာတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အိန္ဒိယအစိုးရ၏လုပ်ရပ်သည် မွတ်စလင်အများစုနေထိုင်သော ကက်ရှ်မီးယားဒေသရှိ လူဦးရေ အချိုးအစားကို ပြောင်းလဲရန် လုပ်ဆောင်လိုက်ခြင်းသာဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများက ပြောဆိုခဲ့ကြသည်။ ယမန်နှစ်အထိ အိန္ဒိယနိုင်ငံသားများသည် ကက်ရှ်မီးယား၌ မြေဝယ်ယူခွင့်မရှိခဲ့ချေ။

အောက်တိုဘာ ၂၉ ရက်တွင် ဆရီနာဂါ၌ အဆိုပါဥပဒေကို ဆန့်ကျင်ဆန္ဒပြရန် ကြိုးပမ်းသည့် ကက်ရှ်မီးယားနိုင်ငံရေးသမားတချို့ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့သည်။ BJP သည် ယခုနှစ်အတွင်း စစ်သွေးကြွများ၏တိုက်ခိုက်မှုကြောင့် ပါတီဝင်ကိုးဦးကို ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း BJP ၏ပြောခွင့်ရှိသူတစ်ဦးဖြစ်သည့် အယ်တက်ဖ် သာကူကပြောဆိုခဲ့သည်။ အေပီ