တိုကျို အောက်တိုဘာ ၃၀ - ဂျပန်နိုင်ငံ၌ ပထမဆုံး COVID-19 ကူးစက်သူရှိခဲ့သည့် ဇန်နဝါရီလလယ်မှစ၍ အောက်တိုဘာ ၂၉ ရက်အထိ ကူးစက်သူစုစုပေါင်း ၁၀၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဂျပန်နိုင်ငံ၌ အောက်တိုဘာ ၂၉ ရက်တွင် COVID-19 ကူးစက်သူသစ် ၈၀၈ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၁၀၀၃၃၄ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏စာရင်းအင်းများအရသိရသည်။
ကူးစက်သူစုစုပေါင်းအနက် သုံးပုံတစ်ပုံသည် တိုကျို၌ရှိနေသည်။ တိုကျို၌ အောက်တိုဘာ ၂၉ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၂၁ ဦးရှိခဲ့သောကြောင့် တိုကျို၌ ကူးစက်သူ ၃၀၆၇၇ ဦးနှင့် သေဆုံးသူ ၄၅၃ ဦးရှိနေပြီဖြစ်သည်။ ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် COVID-19 ဖြင့်သေဆုံးသူ ၁၇၀၀ ကျော်ရှိနေသည်။
ဂျပန်၌ အများပြည်သူသည် နှာခေါင်းစည်းတပ်ခြင်း၊ လက်သန့်ဆေးရည်များကိုသုံးခြင်းနှင့် လက်ကိုမကြာခဏဆေးကြောခြင်းတို့ကြောင့် ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့မှာကဲ့သို့ ကူးသန်းသွားလာမှုကို ပိတ်ပင်ချက်မျိုး ချမှတ်စရာမလိုခဲ့ချေ။
ဂျပန်၌ ဧပြီနှင့် မေတို့တွင် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပြီး သြဂုတ်တွင် များစွာပြင်းထန်မှုမရှိသည့် ဒုတိယလှိုင်းနှင့် ကြုံခဲ့ရသော်လည်း သြဂုတ်အနှောင်းပိုင်းမှစ၍ ဂျပန်မြောက်ပိုင်းရှိ စီရင်စုများ၌ ကူးစက်သူဦးရေ ပြန်လည်မြင့်တက်လာကာ ဆောင်းရာသီတွင် ကူးစက်သူအများဆုံးရှိလာနိုင်ကြောင်း စိုးရိမ်မှုများရှိလာခဲ့သည်။
စားသောက်ဆိုင်များ၊ ဘားများနှင့် အလုပ်ခွင်များ၌ အစုလိုက်အပြုံလိုက်ကူးစက်မှုမရှိစေရေးအတွက် ပိုမိုသတိထားကြရန် ကျွမ်းကျင်သူများက သတိပေးထားသည်။ ကူးစက်သူသစ်များအနက် ထက်ဝက်ခန့်သည် အသက် ၂၀ ကျော်နှင့် ၃၀ ကျော်အရွယ်များဖြစ်ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုြတ်ပန်ထားသည်။
ဂျပန်မြောက်ဖျားပိုင်း ဟော့ကိုင်းဒိုးရှိ ဖျော်ဖြေရေးလုပ်ငန်းများရှိသော ရပ်ကွက်များ၌ ကူးစက်သူအစုလိုက်အပြုံလိုက်ရှိခဲ့ပြီးနောက် ယခုအပတ်တွင် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။ တိုကျို၌ တစ်ရက်လျှင် ကူးစက်သူသစ် ၁၀၀ ကျော်မှ ၂၀၀ ကျော်ကြားရှိနေသဖြင့် ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာကြရန် ကျွမ်းကျင်သူများက အောက်တိုဘာ ၂၉ ရက်တွင် သတိပေးထားသည်။ အေပီ

















