တောက်ယွမ် အောက်တိုဘာ ၃၀ - ထိုင်ဝမ်စစ်တပ်က အောက်တိုဘာ ၃၀ ရက်တွင် ပြုလုပ်သည့် လူများစွာပါဝင်သော လက်ထပ်မင်္ဂလာပွဲတစ်ခု၌ လိင်တူစုံတွဲနှစ်တွဲသည်လည်း ပါဝင်ခဲ့ကြသည်။
အာရှ၌ ထိုင်ဝမ်သည် လိင်တူလက်ထပ်မှုကို ဥပဒေဖြင့် အတည်ပြုပေးသည့် တစ်ခုတည်းသော ဒေသဖြစ်သည်။ လိင်တူလက်ထပ်ခွင့်ဆိုင်ရာဥပဒေအတည်ပြုခဲ့သည့် ၂၀၁၉ ခုနှစ် မေမှစ၍ ယင်းကဲ့သို့ စုံတွဲ ၄၀၀၀ ကျော် လက်ထပ်ခဲ့ကြပြီးဖြစ်သည်။
ထိုင်ဝမ်စစ်တပ်သည် ပွင့်လင်းသော အမြင်ရှိသည့် အဖွဲ့အစည်းဖြစ်သောကြောင့် ကွဲပြားသော လိင်စိတ်ရှိသူများအနေဖြင့် ၎င်းတို့၏လိင်စိတ်တိမ်းညွှတ်မှုများကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိနေကြောင်း အသက် ၂၇ နှစ်အရွယ် ဗိုလ်ကြီး ချန် ယင်းဆွန်က ပြောဆိုခဲ့သည်။ ချန်သည် အသက် ၂၆ နှစ်အရွယ် လီလီချန်းနှင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်။
ထိုင်ဝမ်မြောက်ပိုင်း တောက်ယွမ်ရှိ စစ်စခန်းတစ်ခု၌ လက်ထပ်ပွဲကျင်းပခဲ့ခြင်းဖြစ်သည်။ အသက် ၃၇ နှစ်အရွယ် ယူမီ မိန်နှင့် ၎င်း၏ဇနီး ဗိုလ်မှူး အသက် ၃၆ နှစ်အရွယ် ဝမ်ယိတို့သည်လည်း လက်ထပ်ခဲ့ကြသည်။
ထိုင်ဝမ်၌ လိင်တူလက်ထပ်မှုကို ဥပဒေဖြင့် အတည်ပြုခဲ့ပြီးနောက် စုံတွဲ ၄၀၂၁ တွဲလက်ထပ်ခဲ့ကြပြီး ၎င်းတို့အနက် ၆၉ ရာခိုင်နှုန်းသည် အမျိုးသမီးစုံတွဲများဖြစ်ကြကြောင်း အစိုးရ၏စာရင်းအင်းများအရသိရသည်။ အေပီ

















