တရုတ်ပြည်မကြီးနှင့် သြစတြေးလျရှိ ဗစ်တိုးရီးယားမှ ခရီးသွားများကို စင်ကာပူ ပြည်ဝင်ခွင့်ပြုမည်

တရုတ်ပြည်မကြီးနှင့် သြစတြေးလျရှိ ဗစ်တိုးရီးယားမှ ခရီးသွားများကို စင်ကာပူ ပြည်ဝင်ခွင့်ပြုမည်

စင်ကာပူ အောက်တိုဘာ ၃၀ - စင်ကာပူသည် တရုတ်ပြည်မကြီးနှင့် သြစတြေးလျရှိ ဗစ်တိုးရီးယား ပြည်နယ်တို့မှ လာရောက်မည့် ခရီးသွားများအတွက် ပြည်ဝင်ခွင့်ပိတ်ပင်မှုကို လာမည့် နိုဝင်ဘာ ၆ ရက်နေ့မှ စတင်၍ ရုပ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ပိတ်ပင်ချက်ရုပ်သိမ်းမှုသည် နိုဝင်ဘာ ၆ ရက် ညသန်းခေါင်ယံအချိန်တွင် သက်ရောက်မည်ဖြစ်ပြီး စင်ကာပူနိုင်ငံသားမဟုတ်သော ခရီးသွားများ၊ အမြဲ တမ်းနေထိုင်သူများနှင့် ကာလရှည်နေထိုင်ခွင့်ရှိသူများအားလုံးကို ခွင့်ပြုမည် ဖြစ်ကြောင်း စင်ကာပူ အမျိုးသားလေကြောင်းအာဏာပိုင်အဖွဲ့က အောက် တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၃၀ ရက် ည ၁၂ နာရီမှ စတင်ကာ တရုတ်ပြည်မကြီးနှင့် ဗစ်တိုးရီးယားပြည်နယ်တို့မှ ခရီးသွားများသည် စင်ကာပူနိုင်ငံတွင်းသို့ လေကြောင်းမှ တစ်ဆင့် ဝင်ရောက်ခွင့်အတွက် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပြည်ဝင်ခွင့် လျှောက်ထားသူများသည် လွန်ခဲ့သော ၁၄ ရက်အတွင်း တရုတ်ပြည်မကြီး သို့မဟုတ် သြစတြေးလျနိုင်ငံတွင်း၌ နေထိုင်ခဲ့သူများ ဖြစ်ရမည်ဖြစ်ပြီး လေယာဉ်အကူးအပြောင်းမလုပ်ဘဲနှင့် စင်ကာပူသို့ တိုက်ရိုက် လေကြောင်းဖြင့် လာရောက်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

လေဆိပ်သို့ ရောက်ရှိလာချိန်တွင် ၎င်းတို့အား COVID-19 ဓာတ်ခွဲနမူ နာစစ်ဆေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဓာတ်ခွဲ အဖြေတွင် ရောဂါပိုးမတွေ့ရှိရကြောင်း အတည်ပြုပြီးပါက ခရီးသွားများ သည် သီးခြားနေထိုင်ရန် မလိုအပ်တော့ဘဲ စင်ကာပူနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ အေပီ