ပြင်သစ်တောင်ပိုင်းရှိ ဘုရားကျောင်းတစ်ကျောင်း၌ ဓားဖြင့်တိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံး

ပြင်သစ်တောင်ပိုင်းရှိ ဘုရားကျောင်းတစ်ကျောင်း၌ ဓားဖြင့်တိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံး

နိစ် အောက်တိုဘာ ၃၀ - ပြင်သစ်တောင်ပိုင်း နိစ်မြို့ရှိ ဘုရားကျောင်းတစ်ကျောင်း၌ အောက်တိုဘာ ၂၉ ရက်တွင် အမျိုးသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်မှုကြောင့် လူသုံးဦးသေဆုံးခဲ့သည်။

ကုရ်အာန်ကျမ်းစာတစ်အုပ်နှင့် ဓားသုံးချောင်းဆောင်ထားသော အသက် ၂၁ နှစ်အရွယ် တူနီးရှားရွှေ့ပြောင်းအမျိုးသားသည် ရဲတပ်ဖွဲ့ဝင်များ ချဉ်းကပ်လာချိန်တွင် အလ္လာအရှင်အမြတ်သာ အကြီးမြတ်ဆုံး ဟု ကြွေးကြော်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များက ၎င်းကိုထိန်းချုပ်နိုင်ရန် ပစ်ခတ်ခဲ့ရကြောင်း ပြင်သစ်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရာ ယာန်း ဖရန်ဆွာ ရီကာ့ကပြောဆိုခဲ့သည်။

နိစ်မြို့ရှိ နော်တာဒိမ်းဘုရားကျောင်း၌ နာရီဝက်ခန့်ကြာ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမားသည် အရှည် ၃၀ စင်တီမီတာရှိ ဓားဖြင့် အသက် ၆၀ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့သည်။ ထို့ပြင် ဘုရားကျောင်းဝန်ထမ်းတစ်ဦးဖြစ်သည့် အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး၏ရုပ်အလောင်းကိုလည်း ဘုရားကျောင်းတွင်း တွေ့ရှိခဲ့သည်။ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အနီးအနားရှိ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်ခဲ့သော်လည်း ဓားဒဏ်ရာများစွာတို့ဖြင့် နောက်ပိုင်းတွင် သေဆုံးခဲ့သည်။

အစ္စလာမ်အစွန်းရောက်အကြမ်းဖက်မှုသာဖြစ်ကြောင်း ပြင်သစ်သမ္မတဧမာနွေလ မာခရွန်ကပြောဆိုခဲ့သည်။ တိုက်ခိုက်သူသည် ၁၉၉၉ ခုနှစ်တွင် တူနီးရှား၌ မွေးဖွားသူဖြစ်ပြီး အီတလီသို့ စက်တင်ဘာ ၂၀ ရက်တွင်ရောက်ရှိခဲ့ပြီး ပြင်သစ်သို့ အောက်တိုဘာ ၉ ရက်တွင် ရောက်ရှိခဲ့သူဖြစ်ကြောင်း ရီကာကပြောဆိုခဲ့သည်။ ယခုတိုက်ခိုက်မှုကြောင့် ပြင်သစ်အစိုးရသည် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေအမြင့်ဆုံးအဆင့်ထုတ်ပြန်ကာ လုံခြုံရေးထူထပ်စွာချထားခဲ့သည်။

ပြင်သစ်၌ ကျောင်းသားများအား တမန်တော်မိုဟာမက်၏ရုပ်ပြောင်များကို ပြသခဲ့သည့် ကျောင်းဆရာတစ်ဦး အောက်တိုဘာ ၁၆ ရက်တွင် ခေါင်းဖြတ်သတ်ဖြတ်ခံရပြီးနောက် မာခရွန်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုဘက်မှ ရပ်တည်ခဲ့သဖြင့် ကမ္ဘာတစ်ဝန်းရှိ အစ္စလာမ်ဘာသာဝင်များ မကျေမနပ်ဖြစ်ခဲ့ကြသည်။

ယခုတိုက်ခိုက်မှုနှင့်ဆက်စပ်၍ သံသယရှိသူ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း အောက်တိုဘာ ၂၉ ရက် အနှောင်းပိုင်းတွင် ထိန်းသိမ်းခဲ့ကြောင်း ပြင်သစ်မီဒီယာများကဖော်ပြခဲ့သည်။

အောင်စိုးသူ(LPN) ဘာသာပြန်သည်။