လက်နက်ကိုင်အဖွဲ့မှဆိုသူတစ်ဦးက လူတစ်ဦးအား ပြန်ပေးဆွဲငွေညှစ်မှု မြဝတီမြို့တွင်ဖြစ်ပွား

လက်နက်ကိုင်အဖွဲ့မှဆိုသူတစ်ဦးက လူတစ်ဦးအား ပြန်ပေးဆွဲငွေညှစ်မှု မြဝတီမြို့တွင်ဖြစ်ပွား

အောက်တိုဘာ ၂၉ ရက်နေ့ ည ၈ နာရီအချိန် မြဝတီမြို့မရဲစခန်းသို့ မြဝတီမြို့အမှတ် ၂ ရပ်ကွက်ရွှေဒင်္ဂါးလမ်းနေ မင်းမင်းနိုင် (၄၁) နှစ်သည် ၎င်းအားပြန်ပေးဆွဲသွားပြီးလက်ထိပ်ခတ်၊ ထိပ်တုံးခတ်ကာခြိမ်းခြောက်၍ ငွေကျပ်သိန်း(၇၀)တောင်းယူခဲ့သည့်မြဝတီမြို့အမှတ် ၄ ရပ်ကွက်၊တောရကျောင်းလမ်းနေ ကျော်ကျော်(မြေသြဇာ)နှင့်အမျိုးသမီးတစ်ဦး၊ အမျိုးသား(၄)ဦး၊ စုစုပေါင်း (၆)ဦးအား အရေးယူပေးရန်မြဝတီရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မင်းမင်းနိုင်သည် ၂၆.၁၀.၂၀၂၀ ရက် ၀၂:၀၀ ချိန် မြဝတီမြို့အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးတွင် အဖြူရောင်ယာဉ်အားရပ်တန့်၍ ယာဉ်ပေါ်တွင် အိပ်ပျော်နေစဉ် ကျော်ကျော် (မြေဩဇာ)အဖွဲ့မှ ရောက်ရှိလာပြီးနောက် ၎င်းအား အမှတ်(၅)ရပ်ကွက်၊မြတ်လင်းအေးမြိုင်လမ်းရှိနေအိမ်(၁)အိမ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ၎င်းထံတွင်ပါရှိသောဖုန်းအား Lock ဖွင့်ခိုင်းပြီး ဘဏ်အကောင့်အားတောင်းရာ မင်းမင်းနိုင်က မပေးသဖြင့်လက်ထိပ်ခတ်၊ ထိပ်တုံးထဲ့ခဲ့ကြောင်း၊ထို့နောက် ကျော်ကျော်(မြေဩဇာ)က မင်းမင်းနိုင်အား ငွေကျပ် သိန်း ၁ဝဝ ပေးရန်ပြောဆိုပြီး မပေးပါကထောင်ကျစေရမည်ဟုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ၎င်းသည် နေပြည်တော်မှတာဝန်ဖြင့် မြဝတီမြို့သို့လာရောက်ခြင်း ဖြစ်ကာမြဝတီနယ်ခြားစောင့်တပ်၊ တပ်မှူး/ ဗိုလ်မှူး မုတ်သိုလ်အဖွဲ့က ဖြစ်ကြောင်း စသည်ဖြင့် လက်နက်များ ကိုင်ဆောင်ပြီး ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် မင်းမင်းနိုင်က ၎င်း၏ AYA (ဧရာဝတီ) ဘဏ်အကောင့်မှ PHYOPA PA SOE ၏ ဘဏ်အကောင့်သို့ ငွေကျပ်သိန်း(၇ဝ)လွှဲပြောင်းပေးအပ်ခဲ့ရကြောင်းသိရသည်။ ငွေကျပ်သိန်း ၇ဝ လွှဲပြီးမှသာ ကျော်ကျော်(မြေဩဇာ)က ၎င်းအားပြန်လည်လွှတ်ပေးခဲ့ကြောင်း ရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့သည်။

မြဝတီမြို့မရဲစခန်းမှ (ပ)၅၃၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၄၇/၅၀၆ ဖြင့် အမှုဖွင့်အရေးယူထားပြီးထွက်ပြေးတိမ်းရှောင်နေသောကျော်ကျော်(မြေသြဇာ)နှင့်ပါဝင်ပက်သက်သူများအား အမြန်ဆုံးဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြောင်းသိရသည်။