အမေရိကန်တွင် COVID-19 ကူးစက်သူ ၉ သန်း ကျော်သွားခဲ့ပြီ

အမေရိကန်တွင် COVID-19 ကူးစက်သူ ၉ သန်း ကျော်သွားခဲ့ပြီ

ဝါရှင်တန် အောက်တိုဘာ ၃၁ - ပြည်နယ်တိုင်းတွင် COVID-19 ကူးစက်မှု မြင့်မားနေခြင်းကြောင့် လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စု၌ ကူးစက်သူဦးရေ ၉ သန်း ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ စာရင်းအင်းများအရ သိရသည်။

ကူးစက်သူ ၈ သန်းမှ နေ၍ ၉ သန်းပြည့်မြောက်ရန်အတွက် အချိန် နှစ်ပတ်သာ ကြာမြင့်ခဲ့ပြီး အမြန်ဆုံးနှုန်းဖြင့် တစ်သန်းပြည့်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် ကူးစက်သူ ၇ သန်းမှ ၈ သန်းပြည့်မြောက်ရန် အတွက် ကြာချိန် ၃ ပတ် ရှိခဲ့ကြောင်း သိရသည်။

အမေရိကန်ရှိ ပြည်နယ် ၄၇ ခုတွင် ကူးစက်သူဦးရေ တဖြည်းဖြည်း မြင့် တက်လာနေပြီး လွန်ခဲ့သော သီတင်းပတ်အတွင်း၌ သေဆုံးမှု ၁၄ ရာခိုင်နှုန်း မြင့်တက်လာသည်။ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် လူ ၈၀၀ နှုန်း သေဆုံးနေ သည်။ အမေရိကန်တွင် COVID-19 ကြောင့် သေဆုံးသူ ၂၂၉၀၀၀ ဦးရှိ ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

COVID-19 ကပ်ရောဂါကို မတ်လ အလယ်ပိုင်းမှစတင်ကာ ခံစားခဲ့ရ သော အမေရိကန်ပြည်ထောင်စုသည် အောက်တိုဘာ ၃၀ ရက်တွင် တစ် ရက်အတွင်း ကူးစက်သူသစ် ၉၄၁၂၅ ဦးဖြင့် စံချိန်တင်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု၌ အောက်တိုဘာ ၂၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၈၈၉၇၃ ဦးဖြင့် စံချိန်တင်ရှိခဲ့ပြီးဖြစ်သည်။ အမေရိကန်ပြည် ထောင်စုရှိ အနောက်အလယ်ပိုင်း ဒေသများတွင် လက်ရှိကာလ၌ ကူးစက်မှု နှုန်း ဆက်လက်မြင့်မားနေဆဲဖြစ်သည်။ အေပီ