ရောမ အောက်တိုဘာ ၃၁ - ပြင်သစ်နိုင်ငံ၊ နိစ်မြို့ရှိ ဘုရားကျောင်းတစ်ခုတွင် လူသုံးဦး အသတ်ခံ ရမှုအပေါ် လူ့အခွင့်အရေးအဖွဲ့များက အစွန်းရောက် စွပ်စွဲပြောဆိုနေမှုများ နှင့်ပတ်သက်ပြီး အီတလီပြည်ထဲရေးဝန်ကြီး လူစီယာနာလာမိုဂျက်ဆီက ၎င်းတို့တွင် တာဝန်မရှိကြောင်း အောက်တိုဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။
နိစ်မြို့တွင် လူသုံးဦးအား သတ်ဖြတ်ခဲ့သော တူနီးရှား ရွှေ့ပြောင်းအမျိုး သားမှာ အီတလီမှတစ်ဆင့် ပြင်သစ်သို့ ဝင်ရောက်လာသူဖြစ်ခြင်းကြောင့် အီတလီဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတို့တွင် တာဝန်ရှိကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုနေကြသည်။
သို့သော် လာမိုဂျက်ဆီက ‘’ကျွန်မတို့ဘက်ကနေပြီး တာဝန်ယူပေးစရာ ဘာမှမလိုဘူး။ ဒီလိုပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေတာတွေကို ရပ်ဖို့ အချိန်တန်နေပြီ။ ပြင်သစ်ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်အောင် လုပ်ရမှာ ဖြစ်ပြီး အခြားဥရောပနိုင်ငံတွေနဲ့လည်း တစ်သားတည်းကျဖို့ လုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ဥရောပတစ်ခုလုံးကို တိုက်ခိုက်တဲ့ဖြစ်စဉ်တစ် ခု ဖြစ်နေလို့ပါ’’ ဟု ပြောကြားခဲ့သည်။
Brahin Aouissaoui ဟု အမည်ရသော အသက် ၂၁ နှစ်အရွယ် တူနီးရှား ရွှေ့ပြောင်းအမျိုးသားသည် မြေထဲပင်လယ်ကိုဖြတ်ကာ စက်တင် ဘာ ၂၀ ရက်တွင် အီတလီသို့ ရောက်ရှိလာခဲ့သူဖြစ်သည်။ ထိုမှတစ်ဆင့် အောက်တိုဘာ ၉ ရက်တွင် ပြင်သစ်သို့ ရောက်ရှိလာခဲ့ပြီးနောက် အောက် တိုဘာ ၂၉ ရက်တွင် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ အောက်တိုဘာ ၂၉ ရက်အထိ အီတလီသို့ ဒုက္ခသည်နှင့် ရွှေ့ပြောင်းဦးရေ စုစုပေါင်း ၂၇၀၀၀ ခန့် ရောက်ရှိလာခဲ့ ကြောင်းနှင့် ၂၀၁၉ ခုနှစ် ရောက်ရှိလာမှု ၉၅၃၃ ဦးနှင့် နှိုင်းယှဉ်ပါက လွန်စွာပင်များပြားခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းအင်းများအရ သိရသည်။ မကြာသေးမီက ရောက်ရှိလာခဲ့သော ရွှေ့ပြောင်းဒုက္ခသည် ၁၁၀၀၀ တွင် အများ စုမှာ တူနီးရှားမှဖြစ်ကြောင်း သိရသည်။ အေပီ

















