COVID-19 သံသယရှိပါက အဖြေမရမီကပင် သီးသန့်ခွဲနေထိုင်သင့်ဟု လေ့လာမှုတစ်ရပ်ဆို

COVID-19 သံသယရှိပါက အဖြေမရမီကပင် သီးသန့်ခွဲနေထိုင်သင့်ဟု လေ့လာမှုတစ်ရပ်ဆို

ဝါရှင်တန် အောက်တိုဘာ ၃၁ - COVID-19 ကူးစက်ခံရသူတစ်ဦးမှ မိသားစုဝင်များထံသို့ ရောဂါကူး စက်မှုမှာ လွန်စွာ လျင်မြန်သဖြင့် ရောဂါ သံသယရှိပါက ဓာတ်ခွဲနမူနာ အဖြေမရရှိမီအချိန်ကတည်းကပင် သီးသန့်ခွဲ၍ နေထိုင်ခြင်းက ကူးစက်မှုကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း အမေရိကန် ကူးစက်ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) လက်အောက်ခံ လေ့လာရေး အဖွဲ့တစ်ခုက ထုတ်ပြန်ခဲ့သည်။

ဓာတ်ခွဲနမူနာအဖြေ မရသေးသော်လည်း လူတစ်ဦးသည် COVID-19 ရောဂါပိုး ကူးစက်ခံရပြီဟု သံသယရှိချိန်ကတည်းကပင် မိသားစုနှင့် ခွဲ၍ နေထိုင်သင့်ကြောင်း အောက်တိုဘာ ၃၀ ရက်၌ ထုတ်ပြန်သော CDC ၏ အပတ်စဉ် ရောဂါနှင့်သေဆုံးမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

‘’COVDI-19 သံသယရှိတဲ့လူတစ်ယောက်ဟာ သီးခြားခွဲပြီး နေထိုင် လိုက်တာကြောင့် မိသားစုတွင်း ရောဂါကူးစက်မှုကို လျှော့ချနိုင်ပါတယ်။ ရောဂါကူးစက်ခံရပြီလို့ သံသယဝင်လာရင် သီးခြားနေထိုင်သင့်တယ်။ အိမ် မှာပဲ နေသင့်တယ်။ အဆင်ပြေမယ်ဆိုရင် သီးခြားအိပ်ရာနဲ့ သီးခြား ရေချိုး ခန်းတွေပါ လုပ်ထားသင့်တယ်’’ ဟု CDC လက်အောက်ခံ သုတေသနအဖွဲ့ မှ ပညာရှင်တချို့က အစီရင်ခံ တင်ပြခဲ့ကြသည်။

ယင်းအခြေအနေမျိုး ကြုံနေရပြီဆိုပါက မိသားစုဝင်များအားလုံးသည် လည်း နေအိမ်အတွင်း၌ပင်ဖြစ်စေ နှာခေါင်းစည်းများကို တပ်ဆင်သင့် ကြောင်း ယင်းသုတေသနပြုမှုက တိုက်တွန်းခဲ့သည်။

အောင်စိုးသူ(LPN) ဘာသာပြန်သည်။