မန္တလေးတွင်ပြည်ပထုတ်မုန့်များထက် ပြည်တွင်းထုတ် မုန့်မျိုးစုံမှာအရောင်းသွက်ပြီး ထုတ်လုပ်မှုကောင်းမွန်လာ

မန္တလေးတွင်ပြည်ပထုတ်မုန့်များထက် ပြည်တွင်းထုတ် မုန့်မျိုးစုံမှာအရောင်းသွက်ပြီး ထုတ်လုပ်မှုကောင်းမွန်လာ

မြန်မာ့ရိုးရာ ဝါလကင်းလွတ်သီတင်းကျွတ်ကာလတွင် ဘိုးဘွားမိဘဆရာများကို ကန်တော့ချိန်ဖြစ်သောကြောင့် မန္တလေးမြို့ရှိ မုန့်မျိုးစုံဈေးကွက်အတွင်း၌ ပြည်ပထုတ်များနှင့်အပြိုင် ပြည်တွင်းထုတ် မုန့်မျိုးစုံမှာသိသာစွာ အရောင်းသွက်လျက်ရှိပြီးထုတ်လုပ်မှုအား ပိုမိုကောင်းမွန်လာကြောင်း သိရသည်။

ပြည်တွင်းထုတ်မုန့်များသည် အရည်အသွေးကောင်းမွန်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ်ထားခြင်း၊ လုပ်ငန်းရှင်အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် မုန့်မျိုးစုံဈေးကွက်အတွင်း တစ်နှစ်ထက်တစ်နှစ်ပိုမိုနေရာယူထားကာ ပြည်ပမှ အရည်အသွေးညံ့မုန့်များမှာ ဈေးကွက်အတွင်းမှ တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်ကြောင်း မန္တလေးမြို့ ရီရှင်းနှင့်ညီများ မုန့်မျိုးစုံလုပ်ငန်းမှ ဦးရီရှင်းက ပြောကြားသည်။

''ကိုယ်တိုင်က မုန့်လုပ်ငန်းရှင်တစ်ဦးဖြစ်တာကြောင့် ဈေးကွက်ထဲကမုန့်တွေကို စမ်းသပ်စားကြည့်ပြီးတော့ အရည်အသွေးပိုင်းကို အကဲဖြတ်ရတာဝါသနာပါတဲ့အတွက် ပြည်ပကဝင်လာတဲ့တချို့မုန့်တွေဆိုရင် ဆီချေးစော်နံတာ၊ ရက်လွန်နေတာ၊ လတ်ဆတ်မှုမရှိတာတွေကိုတွေ့ရတယ်။သူတို့ကလည်း ဒီကိုတင်ပို့ရတဲ့စရိတ် ကာမိအောင် ထုတ်လုပ်ထားရတာဆိုတော့ အရည်အသွေးပိုင်းမှာ လိုအပ်ချက်တွေရှိနိုင်ပြီး ပြည်တွင်းထုတ်မုန့်တွေကျတော့ စားသုံးသူတွေကလည်း လက်ခံနိုင်လောက်တဲ့ အနံ့အရသာအရည်အသွေးရှိလို့ ဈေးကွက်မှာ နေရာရလာတာဖြစ်ပါတယ်။ဒါကြောင့်မို့ နောင်ဈေးကွက်အတွင်းမှာ ဈေးတန်းမြင့် အရည်အသွေးကောင်း မုန့်အမျိုးအစားတွေကလွဲရင် အရည်အသွေးမမီတဲ့ ပြည်ပထုတ်မုန့်တွေဟာ ပြည်တွင်းထုတ်တွေကို လုံးဝမယှဉ်နိုင်တာကြောင့် ဈေးကွက်ထဲမဝင်တော့သလောက်ကို ဖြစ်သွားမယ်'' ဟု ၎င်းဆက်လက်ရှင်းပြသည်။

ယခင်က မုန့်မျိုးစုံဈေးကွက်တွင် ပြည်ပထုတ်မုန့်များကိုသာအဓိကထားဝယ်ယူကြရသော်လည်း ယခုအခါ မြန်မာနိုင်ငံအတွင်း၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထောက်ခံချက်နှင့်အညီ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP) အတိုင်း ထုတ်လုပ်လျက်ရှိသည့် မုန့်စက်ရုံအများအပြားရှိနေပြီဖြစ်သောကြောင့် ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်နေပြီဖြစ်ပြီးပြည်တွင်းစားသုံးသူများ၏အကြိုက်နှင့် ကိုက်ညီစေမည့်အရသာများကိုအသစ်ဖန်တီးထုတ်လုပ်လျက်ရှိသည်။

''သရက်သီးခရင်ခမ်တို့လို အရသာအသစ်တွေကိုဆန်းသစ်တီထွင်ထုတ်လုပ်တဲ့အတွက် ကိုယ့်ပြည်တွင်းကကုန်ကြမ်းသီးနှံတွေကိုသာ အသုံးပြုတဲ့အတွက် ပြည်ပကိုအားကိုးတင်ပို့နေရတဲ့ အခက်အခဲကိုပြေလည်စေတယ်။ သံပုံးတို့ဘာတို့ထုတ်ပိုးမှုပုံစံ အဆင့်မြင့်မြင့်နဲ့သာဆိုရင် ပြည်တွင်းထုတ်မုန့်မျိုးစုံဟာ ပြည်ပဈေးကွက်တွေအထိတင်ပို့နိုင်တဲ့ အရည်အသွေးရှိနေပါပြီ'' ဟု ဦးရီရှင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး