"ကုန်သွယ်ရေးစစ်ပွဲဆိုတာကောင်းတယ်။ နိုင်ဖို့လည်းလွယ်တယ်" သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး မကြာမီတွင် ဒေါ်နယ်ထရမ့်ပြောဆိုခဲ့သည့်စကားဖြစ်သည်။ ဒေါ်နယ်ထရမ့်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် လွန်ခဲ့သော လေးနှစ်ခန့်မှစ၍ အာရှ၏ အသက်သွေးကြောဖြစ်သော နိုင်ငံတကာကုန်သွယ်ရေးသည် ဖိအားမျိုးစုံနှင့် ကြုံတွေ့ခဲ့ရသည်။ ထရမ့်သည် အာရှနှင့်ပတ်သက်၍ တင်းမာပြတ်သားသောလမ်းကြောင်းကို ရွေးချယ်ခဲ့သည်။ တရုတ်နိုင်ငံမှ တင်ပို့သော ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့သည်။
နည်းပညာကုမ္ပဏီကြီး Huawei၊ လူကြိုက်များလှသော အက်ပလီကေးရှင်းများဖြစ်သည့် TikTok နှင့် WeChat တို့အပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ယမန်နှစ်တွင် ထရမ့်အစိုးရက Huawei ကုမ္ပဏီကို နာမည်ပျက်စာရင်းသွင်းပြီးအမေရိကန်ကုမ္ပဏီများထံမှ အရေးကြီးသောပစ္စည်းများ ဝယ်ယူခွင့်ပိတ်ပင်ခဲ့ပြီးနောက် Huawei ဖုန်းအစိတ်အပိုင်းများအတွက် ထောက်ပံ့နေသည့်Wist Plastic and Metal Technology ကုမ္ပဏီ၏ အမြတ်ငွေ သုံးပုံတစ်ပုံ ထိခိုက်ခဲ့ရသည်။
"ကျွန်တော်တို့က ဟွာဝေးနဲ့ တွဲလုပ်နေတာ ကြာပြီ၊ ဒီနှစ်ပထမနှစ်ဝက်မှာကုန်အမှာတွေ ကျဆင်းသွားတယ်။ ပို့ကုန်လည်းကျတာပေါ့ဗျာ"ဟု ကုမ္ပဏီ၏ ရှန်ကျန်းစက်ရုံ အထွေထွေမန်နေဂျာ ကင်ရွှန်က ပြောဆိုခဲ့သည်။ အမေရိကန်နှင့် တရုတ်တို့ကြားကုန်သွယ်ရေးစစ်ပွဲကြောင့် Huawei ၏ လုပ်ငန်းချဲ့ထွင်ရေးအစီအစဉ် ထိခိုက်ခဲ့ရသလို Huawei အား ကုန်ပစ္စည်းများထောက်ပံ့ပေးနေသည့် ကုမ္ပဏီများသည်လည်း ဆက်လက်အသက်ဆက်နိုင်ရန်အတွက် အခြားထွက်ပေါက်များရှာခဲ့ရသည်။
၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် အာရှသည် စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေရသည်။ ရွေးကောက်ပွဲရလဒ်က အာရှဒေသအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိမည်ကိုလည်း ကြိုတင်တွေးဆ နေကြရပြီဖြစ်သည်။ ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်းဂျိုးဘိုင်ဒင် အနိုင်ရရှိပါက အာရှဆိုင်ရာမူဝါဒပြောင်းလဲမည်လား၊ သမ္မတထရမ့်သာ ပြန်လည်ရွေးကောက်ခံရပါက ပိုမိုဆိုးရွားမှုများသာရှိလာမည်လား စသည်ဖြင့် သို့လောသို့လောပြောဆိုမှုများ ရှိလာခဲ့သည်။
ကုန်သွယ်ရေးစစ်ပွဲမှာ အနိုင်ရသူမရှိ
အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးတွင် အမေရိကန်က ပို့ကုန်ပိုမိုနည်းပါးနေသည်ဆိုသည့် အချက်ကိုထရမ့်က ထောက်ပြပြီးကုန်သွယ်ရေးစစ်ပွဲစရန် လုပ်ဆောင်ခဲ့သော်လည်း အမေရိကန်ပြည်ထောင်စု၌ ယခုလောလောဆယ်တွင် ကုန်သွယ်ရေးစစ်ပွဲတိုင်း ရှုံးနေသည်ဆိုသည့် အမြင်ရှိနေကြောင်း ဘရွတ်ကင်းစ် အင်စတီကျုရှိ ဂျွန်အယ်လ်သွန်တန် တရုတ်ဌာနမှ ပညာရှင် ဒေးဗစ်ဒေါ်လာက ပြောဆိုခဲ့သည်။
အမေရိကန်နှင့် တရုတ်ကြားရှိကုန်သွယ်ရေးစစ်ပွဲ၌ ရှင်းလင်းပြတ်သားစွာ အနိုင်ရရှိသူ မရှိခဲ့ချေ။ အမေရိကန်ပြည်ထောင်စု၌ ကုန်သွယ်ရေးစစ်ပွဲကြောင့် စားသုံးသူများအတွက် ကုန်ဈေးနှုန်းများမြင့်တက်ခဲ့ပြီး စိုက်ပျိုးထုတ်လုပ်သူများအတွက် ငွေကြေးအခက်အခဲ ရှိခဲ့သည်။ တရုတ်၌လည်း ကုန်သွယ်ရေးစစ်ပွဲကြောင့် စီးပွားရေးတိုးတက်မှုနှေးကွေးပြီး စက်မှုထုတ်ကုန်ဖွံ့ဖြိုးရေး ထိခိုက်ခဲ့ရသည်။
အမေရိကန်ပြည်ထောင်စုသည် အာရှဒေသမှ ပိုမိုဆုတ်ခွာလာပြီး တစ်နိုင်ငံတည်း ပိုမိုအထီးကျန်လာသောကြောင့် အာရှနိုင်ငံများနှင့် အမေရိကန်ပါဝင်သော နိုင်ငံစုံကုန်သွယ်ရေး သဘောတူညီမှုလည်းနည်းပါးသွားခဲ့သည်။ ထရမ့်အစိုးရ၏ ကုန်သွယ်ရေးသဘောတူ စာချုပ်ချုပ်ဆိုရန် ပျက်ကွက်မှုများကြောင့် အာရှဒေသတစ်ခုလုံးအကျိုးနည်းခဲ့ရကြောင်း နန်ယန်းနည်းပညာတက္ကသိုလ် ဝိဇ္ဇာနှင့် လူမှုသိပ္ပံ ကောလိပ်ကျောင်းအုပ်ကြီး ဂျိုးဆက်လျိုက ပြောဆိုခဲ့သည်။
မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ် အစရှိသည့်နိုင်ငံများပါဝင်ပြီး လက်မှတ်ထိုးထားသော နိုင်ငံများကြား ဆက်ဆံရေးတိုးမြှင့်ကာ ကုန်စည် ရောင်းဝယ်ဖောက်ကားရေး လမ်းကြောင်းပွင့်စေမည့် ပစိဖိတ်ဖြတ်ကျော်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်(ွှဏဏ) ကို ဥပမာပေးရမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ကျမ်းသစ္စာကျိန်ဆိုပြီး မကြာမီတွင် ထရမ့်သည် ယင်းစာချုပ်မှ ထွက်ခွာခဲ့သောကြောင့်အမေရိကန်သည် အရှေ့အာရှနှင့် ပိုမိုဝေးကွာသွားခဲ့သည်။
ကုန်သွယ်ရေးသည် တည်ငြိမ်မှုနှင့် ကြိုတင် ခန့်မှန်းနိုင်မှုတို့ကို လိုအပ်သောကြောင့် အာရှဒေသရှိ နိုင်ငံအများစုသည် ကုန်သွယ်ရေးစစ်ပွဲတွင် အထိနာခဲ့ရကြောင်း စင်ကာပူအမျိုးသားတက္ကသိုလ်ရှိ အာရှသုတေသနအင်စတီကျုမှ ပညာရှင် ကီရှိုးမာဘူဘာနီက ပြောဆိုခဲ့သည်။ ထရမ့်နှင့်ပတ်သက်၍ လာမည့်နှစ်ပတ်အတွင်း ကြိုတင်ခန့်မှန်းရန်ပင် မလွယ်ကူကြောင်း မာဘူဘာနီက ပြောဆိုခဲ့သည်။
ဘိုင်ဒင်ကပိုကောင်းအောင် လုပ်နိုင်ပါ့မလား
ထရမ့်အစိုးရ၏မူဝါဒများကိုဖျက်သိမ်းပြီး ပိုမိုကောင်းမွန်သော အရွေ့တစ်ခုရှိအောင်လုပ်ဆောင်မည်ဖြစ်ကြောင်း ဘိုင်ဒင်က ကတိပြုထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုငွေကြေးပြန်လည်ထောက်ပံ့မည်၊ ရာသီဥတုဆိုင်ရာ ပါရီသဘောတူစာချုပ်တွင် ပြန်လည်ပါဝင်မည်၊ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် အမေရိကန်ကခေါင်းဆောင်နေရာ ပြန်လည်ယူမည် အစရှိသည့် ကတိများကို ဘိုင်ဒင်ကပေးထားသည်။ ဘိုင်ဒင်အစိုးရအဖွဲ့သည် တစ်ကမ္ဘာလုံးနှင့်ပြန်လည်ပတ်သက်လိုပြီး တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲကိုအရှိန် လျှော့ချလိုသောကြောင့် ပို့ကုန်ခွန်လျော့ကျသွားမည်ဟု မျှော်လင့်ကြောင်းဒေါ်လာက ပြောဆိုခဲ့သည်။
အာရှရှိ နိုင်ငံ အများစုသည် ပိုမိုရှေ့နောက်ညီပြီး အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်သော အမေရိကန်သမ္မတတစ်ဦးကို ပိုမိုလိုလားမည်ဖြစ်ကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာနရှိ တရုတ်ပါဝါပရောဂျတ်ဒါရိုက်တာ ဘွန်နီဂလက်စတာက ပြောဆိုခဲ့သည်။ အာရှရှိ နိုင်ငံတချို့တွင် လာမည့်အမေရိကန်သမ္မတကို ဘိုင်ဒင်ဖြစ်စေချင်သည့် အလားအလာများပြနေကြောင်း ဂလက်စတာက ပြောဆိုခဲ့သည်။ ဘိုင်ဒင်သာအနိုင်ရရှိမည်ဆိုပါက သူသည် ရှေ့နောက်ညီပြီး စိတ်အလိုမလိုက်သော သမ္မတဖြစ်နိုင်သောကြောင့် တရုတ်အတွက်ရေတိုအကျိုးကျေးဇူးရှိလာနိုင်ကြောင်း မာဘူဘာနီက ပြောဆိုခဲ့သည်။
သို့သော် အနောက်နိုင်ငံမဟာမိတ်များသည် အမေရိကန်နှင့် ပြန်လည်ပူးပေါင်းမည်ဖြစ်သောကြောင့် တရုတ်အတွက် ရေရှည်တွင် ဆိုးကျိုးများရှိလာနိုင်ကြောင်း မာဘူဘာနီက ဆက်လက်ပြောဆိုခဲ့သည်။ အခြားတစ်ဖက်ကကြည့်လျှင် ထရမ့်သာပြန်လည်ရွေးကောက်ခံရပါက ရေတိုတွင် တရုတ်အတွက် ထိခိုက်နစ်နာနိုင်သော်လည်းရေရှည်အတွက်မူ ကောင်းမွန်မည်ဖြစ်သည်။
"ဒေါ်နယ်ထရမ့်သာ ပြန်အရွေးခံရရင်အနောက်တိုင်းရဲ့ အဆုံးသတ်ပဲ၊ အနောက်နိုင်ငံမဟာမိတ်အဖွဲ့လည်း ပြိုလဲသွားမယ်၊ ပြိုလဲပြီဆိုတာနဲ့ တရုတ်အင်အားကြီးဖို့ပဲ၊ တရုတ်နဲ့ပတ်သက်တဲ့ ညီညွတ်ပြီးရှေ့နောက်ညီတဲ့ အနောက်တိုင်းချဉ်းကပ်ပုံ ရှိမလာတော့ဘူးလို့ အနောက်တိုင်းက ခေါင်းဆောင်တစ်ယောက်က ပြောဖူးတယ်"ဟု ပါမောက္ခမာဘူဘာနီက ပြောဆိုခဲ့သည်။ ဘိုင်ဒင်ပဲ နိုင်နိုင်၊ ထရမ့်ပဲ ပြန်ရွေးခံရခံရ တရုတ်ကို မဟာဗျူဟာပြိုင်ဘက်အဖြစ် အမေရိကန်၏သတ်မှတ်ချက် ပြောင်းလဲသွားမည်မဟုတ်ချေ။
"ထရမ့်က တရုတ်ကိုပြောင်ပြောင်တင်းတင်းနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ ပထမဆုံးသမ္မတပဲ၊ ထရမ့်က တရုတ်ကိုတိုက်ခိုက်နေတာတွေကို ဒီမိုကရက်တွေကလည်း ဆန့်ကျင်တာမျိုးမရှိဘူး၊ တရုတ်နဲ့ပတ်သက်ရင် ပါတီနှစ်ခုစလုံးက ညီညွတ်ကြတယ်"ဟု မာဘူဘာနီက ဆက်လက်ပြောဆိုခဲ့သည်။ ဘိုင်ဒင် ရွေးကောက်ခံရလျှင်လည်း တရုတ်နှင့် နွေးထွေးစည်ဝေသော ဆက်ဆံရေးရှိမည်မဟုတ်ကြောင်း ဒေါ်လာက ခန့်မှန်းသည်။
အငြင်းပွားမှုတွေရှိလာဦးမယ်
ရွေးကောက်ပွဲ၌ မသမာမှုများရှိနေကြောင်း ထရမ့်က ကြိုတင်ပြောဆိုထားပြီး ဖြစ်သည်။ရွေးကောက်ပွဲရလဒ်များကို လက်ခံမည်မဟုတ်ကြောင်း ထရမ့်က မကြာခဏပြောဆိုခဲ့သည်။
စာတိုက်မှတစ်ဆင့် မဲပေးမှုများကြောင့်ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ရှိလာနိုင်သည်။ "စဉ်းစားတတ်ရင် အဆိုးရွားဆုံးဖြစ်ရပ်တွေတောင်ရှိလာနိုင်တယ်၊ သမ္မတထရမ့်ကိုဖယ်ရှားဖို့ စစ်တပ်တွေ စေလွှတ်မှာလား၊ ဘာလုပ်ကြမလဲ၊ အခြေအနေတွေက ပိုတောင် ဆိုးသွားနိုင်သေးတယ်" ဟု မာဘူဘာနီကပြောဆိုခဲ့သည်။
အငြင်းပွားစရာကောင်းသည့် အမေရိကန်ရွေးကောက်ပွဲရလဒ်များအတွက် တစ်ကမ္ဘာလုံးက ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။ အာရှသည်လည်းလိုချက်သည့် အဖြေများအတွက်စောင့်ဆိုင်းရဦးမည်ဖြစ်သည်။
(CNA မှ Trump or Biden? What impact the US election result may have on Asia ကို ဆီလျော်အောင် ပြန်ဆိုပါသည်။)

















