တရုတ်နိုင်ငံ၌ ၁၀ နှစ်လျှင် တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူမှုအရ နိုဝင်ဘာ ၁ ရက်မှစတင်ကာ တစ်အိမ်တက် တစ်အိမ်ဆင်း၍ သန်းခေါင်စာရင်းကောက်ယူနေပြီဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် ပထမဆုံးအကြိမ်အဖြစ် မိုဘိုင်းဖုန်းအက်ပလီကေးရှင်းများကိုလည်း အသုံးပြုမည်ဖြစ်သည်။
အချိန်နှစ်လကြာမြင့်မည့် သတင်းအချက်အလက်ကောက်ယူမှုအတွင်း ရပ်ကွက်ကျေးရွာဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ခုနစ်သန်းခန့်သည် ရှန်ဟိုင်းမြို့လယ်ရှိ မိုးမြင့်အဆောက်အအုံများမှ ဝေးလံသီခေါင်သော တိဗက်တောင်တန်းကျေးရွာများအထိသွားရောက်ကာ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်သည်။
လူဦးရေတိုးပွားမှု၊ လှုပ်ရှားသွားလာမှုပုံစံနှင့် အခြားအခြေအနေများကို သိရှိရန်အတွက် တရုတ်၌ ၁၀ နှစ်လျှင် တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူလေ့ရှိသည်။
ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ အလုပ်သမား၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှုနှင့် အခြားဝန်ဆောင်မှုများအတွက် အရင်းအမြစ်များကို ထိရောက်စွာ လျာထားဝေမျှနိုင်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်းဖြစ်ကြောင်း အစိုးရကပြောဆိုခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သည့် သန်းခေါင်စာရင်းအရ လူ ၁၃၃၉၇၂၄၈၅၂ ဦးရှိခဲ့ပြီး ၅ ဒသမ ၈၃ ရာခိုင်နှုန်းသို့မဟုတ် ၇၃၈၉၉၈၀၄ ဦးတိုးလာခဲ့ကြောင်း တွေ့ရှိခဲ့သည်။ တိုးလာသည့် လူဦးရေသည် ပြင်သစ်လူဦးရေထက် ပိုမိုများပြားနေသည်။
တရုတ်အစိုးရက တစ်အိမ်ထောင်ကလေးတစ်ယောက်နှုန်းမူဝါဒကို ဖြေလျှော့လိုက်ပြီးနောက် လူဦးရေတိုးလာခြင်းရှိမရှိကိုလည်း ယခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုတွင် အဓိကထား သုံးသပ်မည်ဖြစ်သည်။
တစ်အိမ်ထောင်ကလေးတစ်ယောက်နှုန်းမူဝါဒကို ၁၉၇၀ ပြည့်နှစ်ကျော်ကာလများတွင် စတင်ကျင့်သုံးခဲ့သော်လည်း တရုတ်၌ သက်ကြီးရွယ်အိုဦးရေများပြားလာခြင်း၊ အလုပ်လုပ်နိုင်သူဦးရေ လျော့ကျလာခြင်းတို့ကြောင့် လွန်ခဲ့သော လေးနှစ်တွင် ယင်းမူဝါဒကို ဖြေလျှော့မှုများပြုလုပ်ခဲ့သည်။
သို့သော် ကလေးအမြောက်အများမွေးဖွားလာခြင်းမရှိကြောင်း အံ့သြဖွယ်ရာတွေ့ရှိခဲ့သည်။ ယမန်နှစ်တွင် တရုတ်ရှိ ကလေးမွေးဖွားနှုန်းသည် ခေတ်သစ်တရုတ်နိုင်ငံကိုတည်ထောင်ခဲ့သည့် ၁၉၄၉ ခုနှစ်မှစ၍ အနိမ့်ဆုံးအထိကျဆင်းခဲ့သည်။

















