လာအိုနိုင်ငံ မြို့တော်၌ Starbucks ဆိုင်ခွဲဖွင့်မည်

လာအိုနိုင်ငံ မြို့တော်၌ Starbucks ဆိုင်ခွဲဖွင့်မည်

အာရှနိုင်ငံများရှိ မြို့ကြီးများ၌ ဆိုင်ခွဲပေါင်း ၁၀၀၀၀ ကျော်ဖွင့်လှစ်ထားသည့် ကွန်ရက်ကို နောက်ထပ်ချဲ့ထွင်ရန်အတွက် ကော်ဖီဆိုင်လုပ်ငန်းကြီး Starbucks သည် လာအိုနိုင်ငံ၌ ဆိုင်ခွဲတစ်ခုဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်သည်။

လာအိုမြို့တော် ဗီယန်ကျင်း၌ လာမည့်နှစ်နွေရာသီတွင် ဆိုင်ခွဲဖွင့်လှစ်မည်ဖြစ်ကြောင်း ကုမ္ပဏီက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆိုင်ခွဲလုပ်ငန်းလည်ပတ်မှုကို ဟောင်ကောင်အခြေစိုက် Maxim’s Caterers ၏ လုပ်ငန်းခွဲဖြစ်သော Coffee Concepts က ကြီးကြပ်မည်ဖြစ်သည်။

ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်တို့နှင့်ထိစပ်နေပြီး ကုန်းပိတ်ရေပိတ်နိုင်ငံဖြစ်သော လာအို၌ အပြုသဘောဆောင်သော သက်ရောက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် ဆိုင်ခွင့်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း Starbucks က ထုတ်ပြန်ခဲ့သည်။

အာရှတစ်ဝန်း ကော်ဖီလုပ်ငန်းကြီးထွားလာရေးအတွက် Starbucks နှင့်လက်တွဲမှု နှစ်ပေါင်း ၂၀ ကာလအပေါ် အခြေတည်ကာ လာအို၌ ကော်ဖီဆိုင်ခွဲဖွင့်လှစ်မည်ဖြစ်ကြောင်း Maxim’s Caterers ၏အမှုဆောင်နှင့် စီမံခန့်ခွဲမှုဒါရိုက်တာ မိုက်ကယ် ဝူကပြောဆိုခဲ့သည်။

လာအိုအပါအဝင် အာရှနိုင်ငံများ၌ များသောအားဖြင့် အသင့်ဖျော်ကော်ဖီမှုန့်များကိုသာ ဖျော်သောက်တတ်ကြသည်။

လူဦးရေ ၇ ဒသမ ၂ သန်းရှိသော လာအိုသည် ပြည်ပသို့ ကော်ဖီတင်ပို့နေသည့် နိုင်ငံဖြစ်ပြီး ကော်ဖီလုပ်ငန်းများနှင့် ဆိုင်များစွာလည်းရှိနေသည်။

လာအို၌ နိုဝင်ဘာ ၂ ရက်အထိ COVID-19 ကူးစက်သူ ၂၄ ဦးသာရှိနေကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်၏စာရင်းအင်းများအရသိရသည်။