ထိုင်းဘုရင်နှင့် မိဖုရား လမ်းမပေါ်ထွက်ပြီး သစ္စာခံသူများနှင့် တွေ့ဆုံ

ထိုင်းဘုရင်နှင့် မိဖုရား လမ်းမပေါ်ထွက်ပြီး သစ္စာခံသူများနှင့် တွေ့ဆုံ

ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲပေးရန် တောင်းဆိုမှုဆန္ဒထုတ်ဖော်မှုများ ပိုမိုအရှိန်ကောင်းလာချိန်တွင် ထိုင်းဘုရင်နှင့် မိဖုရားသည် ဘန်ကောက်၌ နိုဝင်ဘာ ၁ ရက်တွင် ၎င်းတို့ကိုထောက်ခံသူထောင်ပေါင်းများစွာနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။

ဘုရင်မဟာဝဇီရလောင်ကွန်းနှင့် မိဖုရားသုသိတာတို့၏ ဓာတ်ပုံများကို ကိုင်ဆောင်ထားပြီး နိုင်ငံတော်အလံများကို ဝှေ့ယမ်းနေသည့် တော်ဝင်မိသားစုအပေါ် သစ္စာခံသူများသည် နန်းတော်အပြင်ဘက်၌ စုဝေးခဲ့ကြသည်။

ထောက်ခံသူများသည် တော်ဝင်မိသားစုကို ကိုယ်စားပြုသည့် အဝါရောင်ရှပ်အကျီများကို ဝတ်ဆင်ခဲ့ကြသည်။

နှလုံးသား၏ဦးဆောင်မှုကို နာခံပြီး နန်းတော်သို့လာရောက်ခြင်းဖြစ်ကြောင်း အသက် ၄၄ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်ဖြစ်သလို ဗေဒင်ဆရာမလည်းဖြစ်သည့် ပါကာဝါရင် ဒမ်ရွန်ရတ္တာဝီကပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံသားအဖြစ် မွေးဖွားလာသောကြောင့် ဘုရင်စနစ်ကို ကျေးဇူးတင်ရမည်ဖြစ်ပြီး အစိုးရကိုဆန့်ကျင်ဆန္ဒပြခွင့်ရှိသော်လည်း ဘုရင်ကို မထိခိုက်သင့်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

ဘုရင်နှင့် မိဖုရားသို့ လမ်းမပေါ်ထွက်လာချိန်တွင် ထောက်ခံသူများက ဘုရင်မင်းမြတ်သက်တော်ရာကျော်ရှည်ပါစေ ဟုကြွေးကြော်ခဲ့ကြပြီး ဘုရင်နှင့် မိဖုရားဖြတ်သန်းသွားချိန်တွင် ဘုရင်ခြေချခဲ့သည့် နေရာများကို ဦးခေါင်းနှင့် ထိခဲ့ကြသည်။

တချို့ကလည်း ဘုရင်အား အဝါရောင်နှင်းဆီပွင့်များပေးအပ်ခဲ့ကြသည်။

ယနေ့ခေတ်လူငယ်များသည် ဘုရင်စနစ်နှင့်ပတ်သက်၍ အမြင်မှားနေကြကြောင်း၊ ဘုရင်စနစ်သည် ထိုင်းလူ့အဖွဲ့အစည်း၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ကို လူငယ်များနားလည်သင့်ပြီး ဘုရင်စနစ်ရှိလျှင် ထိုင်းနိုင်ငံ အဓွန့်ရှည်မည်မဟုတ်သည်ကို သိရှိသင့်ကြောင်း အသက် ၅၅ နှစ်အရွယ် သီရာသာ လင်ပီသုရိကပြောဆိုခဲ့သည်။